
ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်မှာ လမ်းခင်းလုပ်သားတွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်တစီး တိမ်းမှောက်ခဲ့တာကြောင့် အမျိုးသားတယောက် သေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့သူတွေဆီက သိရပါတယ်။
ယာဉ်မောင်း ဝင်းဇော်လေးနဲ့ လမ်းလုပ်သား ၄ ယောက် ပါလာတဲ့ မော်တော်ယာဉ်ဟာ ပုသိမ်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းလာတာဖြစ်ပြီး ကျောင်းကုန်းမြို့နယ်ထဲက တံခွန်တိုင်အုပ်စု၊ တလုတ်ကုန်းကျေး ရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်းမကြီး မိုင်တိုင်အမှတ် ၆၉/၃ နဲ့ ၆၉/၄ ကြားမှာ အောက်တိုဘာ ၃ ရက်က မနက်ပိုင်းက မောင်းလာရင်း အရှိန်လွန် တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
ယာဉ်မှောက်တဲ့ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က “သေဆုံးသူက ဦးသန်းဇော်ပါ။ ယာဉ်က တုံးလုံးလဲကျတဲ့ အနေအထားအထိ တိမ်းမှောက် ပိမိတာကြောင့် သေဆုံးတာ။ ယာဉ်မောင်း ဝင်းဇော်လေး မောင်းလာတဲ့ယာဉ်ပါ။ လမ်းသား အချိုင့်အခွက် အနိမ့်တွေကို ရှောင်ရင်း တိမ်းမှောက်တာ” လို့ ပြောပါတယ်။
အဲဒီတိမ်းမှောက်တဲ့ယာဉ်ပေါ်မှာ ယာဉ်မောင်း ဝင်းဇော်လေး၊ လမ်းလုပ်သားတွေဖြစ်တဲ့ ဦးသန်းဇော်၊ အောင်ဖြိုးကျော်၊ ဒေါ်မြင့်မြင့်ဝေ နဲ့ တင်အောင်ဖြိုး တို့လိုက်ပါလာတာဖြစ်ပြီး ဒဏ်ရာရရှိသူတွေဟာ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ပေးသူတယောက်က “ယာဉ်မောင်း အပါအဝင် ဒဏ်ရာရရှိတဲ့သူတွေကို ကျောင်းကုန်းပြည်သူ့ဆေးရုံကို ပို့ထားပါတယ်။ မစိုးရိမ်ရတဲ့ဒဏ်ရာပါ။ တယောက်ကတော့ ပွဲချင်းပြီး သေဆုံးသွားတာ။ အခင်း ဖြစ်နေရာမှာ”လို့ ပြောပါတယ်။
သေဆုံးသူကို ဦးသန်းဇော်ကို ရင်ခွဲစစ်ဆေးဖို့ ကျောင်းကုန်းမြို့ ပြည်သူ့ဆေးရုံတင်ပို့ခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ လူကို သေဆုံး၊ ဒဏ်ရာရရှိစေတယ်လို့ ဆိုကာ ယာဉ်မောင်း ဝင်းဇော်လေးကို ကျောင်းကုန်းမြို့မရဲစခန်းက ယာဉ်(ပ) ၁၃/၂၀၂၅၊ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/ ၃၃၇ တို့နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပါတယ်။