
ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ကလေးကို ကျူရှင်ကနေ ဆိုင်ကယ်နဲ့ကြိုလာတုန်း ကားနဲ့တိုက်ခံရလို့ အမေဖြစ်သူ သေဆုံးပြီး အဖေနဲ့ ကလေးကတော့ ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၃ ရက် မနေ့ည ၇ နာရီလောက်မှာ ဖျာပုံနဲ့ ဒလပြေးဆွဲနေတဲ့ ခရီးသည်တင်ကားက မိသားစု ၃ ယောက် စီးလာတဲ့ဆိုင်ကယ်ကိုတိုက်မိခဲ့တာပါ။
ကျူရှင်ကနေ ကလေးကိုကြိုပြီးပြန်လာတဲ့ ဆိုင်ကယ်က သလိတ်ရွာဘက်ကို ဖြတ်မောင်းတဲ့အခါ ဖျာပုံမြို့၊ အမှတ် ၁ ရပ်ကွက်၊ ချောင်းတွင်းကြီးလမ်းမပေါ်၊ ပီတိသုခ ဆေးဆိုင်ရှေ့မှာ ခရီးသည်တင် ပိုင်ဧရာ ဆိုတဲ့ ကားကတိုက်မိတာလို့ သိရပါတယ်။
ကားတိုက်ခံရတာကြောင့် ကလေးမိခင်ဖြစ်သူ အသက် ၃၀ အရွယ် မခင်လေး ကတော့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ကရုဏာရှင် လူမှုကူညီရေးအသင်း (ဖျာပုံ) ဆီက သိရပါ တယ်။
ဒဏ်ရာရတဲ့ သားအဖနှစ်ယောက်ကိုတော့ ကရုဏာရှင် လူမှုကူညီရေးအသင်း(ဖျာပုံ)၊ ပဲ့တင်သံ ပရဟိတအသင်း (ဖျာပုံ) နဲ့ ရွှေညီကို လူမှုကူညီရေးအသင်း (ဖျာပုံ)တို့က ဖျာပုံပြည်သူ့ဆေးရုံကြီးဆီကို ပို့ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒေသခံတယောက်က “အခုက ဒဏ်ရာပြင်းထန်တာဆိုတော့ အသက်ရှင်မယ်၊ မရှင်ဘူးဆိုတာ မပြောတတ်ဘူး။ ကုတော့ ကုနေကြတယ်။ ကျနော်တို့ဒေသမှာ ပရမ်းပတာတွေ များတယ်လေ။ လူတိုင်းက စိတ်နဲ့ကိုယ်နဲ့ မကပ်ကြဘူး။ အခုလိုဖြစ်တော့ အားလုံးနစ်နာကြတာပေါ့။ သေသွားတဲ့ ကောင်မလေးက ကလေးအမေဆိုပေမဲ့ အသက်က ၃၀ လောက်ပဲ ရှိသေးတယ်။ ရွာမှာ နေကြတာလေ။ မြို့ပေါ်မှာ ကလေးကို ကျူရှင်ပို့ထားတာက အပြန်လို့ပြောတယ်” လို့ ပြောပါတယ်။
ဆိုင်ကယ်ကိုတိုက်မိတဲ့ ပိုင်ဧရာခရီးသည်တင်ကားက ယာဉ်မောင်းကို ရဲက ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။