
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ အိမ်စီးကားက လမ်းလယ်ကျွန်းကို ဝင်တိုက်ပြီး ကားပေါ်ပါလာတဲ့ အမျိုးသား ၂ ယောက် သေဆုံးသွားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဩဂုတ် ၂၄ ရက် နေ့လယ် ၂ နာရီခန့်မှာ ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို ယာဥ်မောင်း ဦးမင်းသန့် မောင်းလာတဲ့ Nissan Wingroad အမျိုးအစား အဖြူရောင်ယာဉ်ဟာ လမ်းအတိုင်း မောင်းနှင်လာရာ မိုင်တိုင်အမှတ် ၈၀/၅ အနီးအရောက်မှာ လမ်းလယ်ကျွန်းကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
အမြန်လမ်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ကားအရှေ့ဘီး ပေါက်ပြီးတော့ လမ်းလယ်ကျွန်းကို ဝင်တိုက်တာ။ အရှိန်ပြင်းပြင်းနဲ့ တိုက်တဲ့ပုံစံပါပဲ။ ကားပေါ်ပါ ၂ ယောက်လုံး တခါတည်း ပွဲချင်းပြီး သေသွားတာ။ သေဆုံးသူတွေက အမျိုးသားတွေချည်းပဲ” လို့ ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် သေဆုံးသူတွေက အသက် ၅၅ နှစ်အရွယ်တွေ ဖြစ်ကြပြီး ပြင်ဦးလွင်မြို့မှာ နေထိုင်တဲ့ ယာဥ်မောင်းသူ ဦးမင်းသန့်နဲ့ မကွေးမှာနေထိုင်တဲ့ ဦးဝင်းမျိုးအောင် တို့ဖြစ်ကြကာ ကူညီကယ်ဆယ်ရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေက မိသားစုတွေဆီ ဆက်သွယ်နေပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ယာဥ်တိုက်မှုက ပဲခူးတိုင်း၊ ကျောက်တံခါးအပိုင်ထဲမှာ ဖြစ်တာ။ လိုအပ်တဲ့ စစ်ဆေးချက်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက လုပ်နေတယ်။ ကားကလည်း ခေါင်းပိုင်းဆို လုံးဝပျက်စီးသွားတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့တွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကူညီဆောင်ရွက်ပေးခဲ့ပြီး သေဆုံးရုပ်အလောင်းတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက မြို့ချောင်း တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ဩဂုတ် ၁၇ ရက် မနက်ပိုင်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၄၀/၀ နဲ့ ၄၀/၁ ကြားမှာ လမ်းဖြတ်ကူးတဲ့ အမျိုးသားကို ကုန်ကားက ဝင်တိုက်ခဲ့တာကြောင့် ကုန်ကားမောင်းနဲ့ လမ်းဖြတ်ကူးတဲ့ အမျိုးသားတို့ သေဆုံးခဲ့ပါတယ်။