
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ထစ်စပန်းရုံး မီးပွိုင့်အနီးမှာ စက်ဘီးစီးနင်းလာတဲ့ မြန်မာနိုင်ငံသား အမျိုးသားတယောက် ကားတိုက်ခံရပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိခဲ့ရသူတွေဆီကနေ သိရပါတယ်။
အလုပ်ကအပြန် ဇူလိုင် ၁၆ ရက် မနေ့ ညနေ ၆ နာရီက ကားလမ်းမ ဖြတ်ကူးစဥ်မှာ ကားနဲ့တိုက်မိပြီး နေရာမှာပဲ သေဆုံးသွားတာလို့ ဆိုပါတယ်။
.မျက်မြင်တွေ့ရှိတဲ့ မြန်မာနိုင်ငံသားတယောက်က “ခုယာဥ်တိုက်မှုဖြစ်တဲ့နေရာက ထိုင်းစာသင်ကျောင်းနဲ့လည်း နီးတယ်၊ ကျောင်းဆင်းချိန်ဆိုရင်တော့ လမ်းအရမ်း ရှုပ်တတ်တဲ့နေရာပေါ့။ ခုက ကျောင်းဆင်းတာ ၁ နာရီလောက်ရှိမှ ဖြစ်တာ၊ ညနေ ၆ နာရီထိုးလောက်မှာ ဖြစ်သွားတာ။ မြန်မာနိုင်ငံသားတွေအနေနဲ့ နေတာ ထိုင်တာ သွားတာလာတာကအစ သတိပြုသွားလာသင့်တယ်။ နောက်တခုက မြန်မာနိုင်ငံလို မဟုတ်ဘူး။ ထိုင်းမှာက ယာဥ်ကြောကို လက်ဝဲဘက် သတ်မှတ်ထားတာ။ စက်ဘီး ဆိုင်ကယ်တွေစီးရင် လက်ဝဲဘက် ကပ်မောင်းကြတာ။ ယာဥ်ပဲစီးစီး၊ စက်ဘီးပဲ စီးစီး ယာဥ်စည်းကမ်း လမ်းစည်းကမ်းကိုတော့ လေ့လာထားဖို့ လိုမယ်”လို့ ပြောပါတယ်။
မဲဆောက်မှာ ယာဥ်မတော်တဆမှုဖြစ်လို့ သေဆုံးခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေ ဒီတနှစ်အတွင်း အနည်းဆုံး အယောက် ၂၀ ကျော်လောက်ရှိပြီလို့ဆိုပါတယ်။
ကားတိုက်ပြီး သေဆုံးသွားသူကိုတော့ ထိုင်းနိုင်ငံမှာရှိတဲ့ လူမှုရေးပရဟိတအဖွဲ့က မဲဆောက်ဆေးရုံကြီးကို သယ်ယူသွားပြီး သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘယ်မှာ နေထိုင်တယ်ဆိုတာကို စုံစမ်းနေပါတယ်။