Home
မြန်မာသတင်း
မဲဆောက်မှ အယုဒ္ဓယသို့သွားမည့် မြန်မာနိုင်ငံသား ၁၁ ဦး ဖမ်းဆီးခံရ
DVB
·
July 14, 2025

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကနေ ကားနဲ့ အယုဒ္ဓယခရိုင်မှာ အလုပ်သွားလုပ်မယ့် မြန်မာနိုင်ငံသား ၁၁ ယောက်ကို အယုဒ္ဓယ အဝေးပြေးကားလမ်းမပေါ်မှာ ဇူလိုင် ၁၃ ရက်က ဖမ်းဆီးခံလိုက်ရကြောင်း မြန်မာနိုင်ငံသားအရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် အယုဒ္ဓယ အဝေးပြေးလမ်းမှာ ရဲတပ်ဖွဲ့က ဝမ်နွဲ့နဲ့ လမ်ဆိုင်း ခရိုင်အတွင်း ပဟွန်ယိုသင် လမ်းမကြီးပေါ်မှာ မသင်္ကာဖွယ်ယာဉ်တစီးကို ကြားဖြတ်စစ်ဆေးရာ တရားမဝင် မြန်မာလုပ်သား အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၃ ယောက်၊ စုစုပေါင်း ၁၁ ယောက်ကို အထောက်အထားမဲ့ ခရီးသွားလာမှုနဲ့ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “၂၀၂၅ ပြီးခဲ့တဲ့ ၆ လပိုင်းကဆိုရင် တရားမဝင် ဝင်ရောက်လာလို့ ဖမ်းဆီးခံရတာ ၆၀၀ နဲ့ ၁,၀၀၀ ကြား ရှိတယ်။ ပြီးခဲ့တဲ့လက ခု ၇ လပိုင်း ပထမအပတ်မှာ အဖမ်းခံရတာ ၃၀၀ ရှိပြီ။ မြန်မာနိုင်ငံမှာ ၁၈ နှစ်ကနေ ၃၅ နှစ်အထိကို MOU လုပ်သားအဖြစ် ပြည်ပနိုင်ငံတွေ သွားရောက် အလုပ်ကိုင်ခွင့်ကို ပိတ်ပင်ထားတယ်။ နောက် ပိုက်ဆံအများကြီးရတဲ့ သင်္ဘောသားအလုပ်တွေကိုပါ တရားဝင် ထွက်ခွာခွင့်လမ်းကို ပိတ်ထားလိုက်လို့ တရားမဝင်လမ်း၊ အောက်လမ်းပေါ့ အဲဒီလမ်းကနေ ထွက်လို့ အဖမ်းခံခဲ့ရတာ” လို့ ပြောပါတယ်။

အခု မြန်မာနိုင်ငံသား လူမယ်မောင်မယ်တွေက ရွေးချယ်စရာလမ်းက မရှိတော့ဘူး၊ တရားဝင် MOU လမ်းကလည်း ပိတ်ထားတယ်၊ မြန်မာနိုင်ငံမှာက လူငယ်တွေကို စစ်ကျွန်အဖြစ် သွတ်သွင်းနိုင်ဖို့ကို ပြည်ပထွက်ခွင့် ပိတ်ထားတော့ အသက်သေရင် သေပစေဆိုပြီး ရရာနည်းလမ်းနဲ့ ပြည်ပကို ထွက်နေကြတာ စိတ်မကောင်းစရာတော့ ဖြစ်တယ်၊ ဒါပေမဲ့လည်း ကြည့်သွားကြည့်လာ ကြည့်နေလို့ပဲ ပြောချင်တယ်လို့ ဆိုပါတယ်။

အသက် ၃၇ နှစ်အရွယ် ယာဉ်မောင်းက Nong Bua ခရိုင်မှ အလုပ်သမားတွေကို ချွန်ဘူရီခရိုင်အထိ ပို့ဆောင်ဖို့ လုပ်အားခ တယောက် ဘတ် ၁,၀၀၀ နဲ့ ငှားရမ်းထားကြောင်း ဝန်ခံထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မဲဆောက်မြို့ကို မြန်မာဘက်ကနေ လှေနဲ့ခိုးဝင်လာပြီး ပွဲစားကို တယောက် ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရကြောင်း မြန်မာလုပ်သားတွေက ထွက်ဆိုထားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ယာဉ်မောင်းကို လူဝင်မှုကြီးကြပ်ရေးဌာနခွဲ ၃ မှာ တရားစွဲဆိုထားကြောင်း ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013