
အခုနောက်ဆုံးဖြစ်နေတဲ့ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုအပါအဝင် မြန်မာနိုင်ငံက ဒုက္ခသည် အများအပြားဝင်ရောက်လာမှုကလည်း ထိုင်းနိုင်ငံရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို လှုံ့ဆော်နေပါတယ်။ ဒီနိုင်ငံခြားသားတွေဟာ ထိုင်းဒေသခံတွေရဲ့ အလုပ်အကိုင်နဲ့ လူမှုရေးအခွင့်အလမ်းတွေကို လုယူသွားလိမ့်မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ ပေါ်ပေါက်လာစေပါတယ်။ ဒါပေမဲ့ ကျနော်တို့တခုနားလည်ထားရမှာက ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကျနော်တို့ရဲ့ ရန်သူတွေ မဟုတ်ဘူးဆိုတာပါပဲ။
ဒီအခြေအနေကို ထင်ထင်ရှားရှားမြင်နိုင်တဲ့နေရာကတော့ မြန်မာနိုင်ငံနဲ့ မျက်နှာချင်းဆိုင်၊ တာ့ခ်ခရိုင်ထဲက မဲဆောက်မြို့လေးပါပဲ။ အတိုက်အခံ ပြည်သူ့ပါတီ (PP) ရဲ့ လွှတ်တော်အမတ် ဝီရိုင်လတ်ခနာဒီစွန်ဟာ မကြာသေးခင်က မဲဆောက်ကိုသွားရောက်ခဲ့တဲ့ ခရီးစဉ်အကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ သူ့ရဲ့စာထဲမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ မြေယာသိမ်းပိုက်မှုတွေ၊ မာဖီးယားဂိုဏ်းတွေရဲ့ လုပ်ငန်းတုတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေဦးစီးတဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် ဒေသခံတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းလာတယ်ဆိုတာကို သူကထောက်ပြထားပါတယ်။
တချို့အင်တာနက်သုံးစွဲသူတွေကတော့ ရာဇဝတ်မှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်တဲ့အတွက် သူ့ကိုချီးကျူးကြပါတယ်။ ဒါပေမဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်တွေဟာ အန္တရာယ်ရှိတဲ့ အမျိုးသားရေးဝါဒကို ပိုမိုအားကောင်းလာစေနိုင်ပြီး၊ ဒီကိစ္စရဲ့ တကယ့်အဓိကအကြောင်းအရင်းဖြစ်တဲ့ ခေတ်မမီတော့တဲ့ဥပဒေတွေနဲ့ အကျင့်ပျက်နေတဲ့ အလုပ်အကိုင်ခန့်အပ်မှုစနစ်ကို လျစ်လျူရှုရာရောက်တယ်လို့ သတိပေးနေကြပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ပို့စ်မှာ ဝီရိုင်ထောက်ပြတာတွေကလည်း မှန်တာတွေလည်းရှိပါတယ်။ မဲဆောက်ဆိုတာ ရာဇဝတ်မှုနဲ့ ခေါင်းပုံဖြတ်မှုတွေရဲ့ ဗဟိုချက်လိုဖြစ်နေတာပါ။ ဒေသခံအရာရှိတွေက စာရွက်စာတမ်းမရှိတဲ့ အလုပ်သမားတွေနဲ့ မြေအောက်ဂိုဏ်းခေါင်းဆောင်တွေဆီက လာဘ်ထိုးငွေကို ပုံမှန်ယူနေကြတယ်။ တချို့ ရွှေ့ပြောင်းလုပ်သားတွေဖွင့်ထားတဲ့ ဆိုင်တွေက အခွန်ရှောင်ထားကြတယ်။ လုပ်ငန်းလိုင်စင်မရှိဘဲ ဖွင့်ကြတယ်။ ငွေရှိတဲ့ ရာဇဝတ်ကောင်တွေက ဒုက္ခရောက်တဲ့အခြေအနေမျိုးမှာတောင် ပိုက်ဆံပေးပြီး လွတ်အောင်လုပ်နိုင်ကြပေမဲ့၊ ဆင်းရဲတဲ့ ရွှေ့ပြောင်းလုပ်သားတွေမှာတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ဘာအသပြာ၊ ဘာအာဏာမှ မရှိပါဘူး။
ဒီပြဿနာတွေက တကယ်ရှိနေတာမှန်ပေမဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုပဲ အပြစ်တင်နေလို့ကတော့ ပြဿနာက ဘယ်တော့မှ ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ ဒီပြဿနာရဲ့ အဓိကအကြောင်းရင်းခံက ခေတ်မမီတော့တဲ့ ရွှေ့ပြောင်းအလုပ်သမားဥပဒေတွေမှာ ရှိနေပါတယ်။ အဲ့ဒီဥပဒေတွေအရ ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို ကာယလုပ်အား လိုအပ်တဲ့ အလုပ်အနည်းငယ်ကိုသာ တရားဝင် လုပ်ကိုင်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီဥပဒေတွေဟာ မြေပြင်အခြေအနေနဲ့ လုံးဝကိုက်ညီမှုမရှိပါဘူး။
မဲဆောက်လိုမြို့တွေမှာဆိုရင် ရွှေ့ပြောင်းလုပ်သားတွေဟာ ဒေသစီးပွားရေးရဲ့ အသက်သွေးကြောဖြစ်လို့နေပါတယ်။ ရွှေ့ပြောင်းအလုပ်သမားအများစုဟာ စားသုံးသူတွေလည်း ဖြစ်တာကြောင့် သူတို့ရှိနေဝာာဟာ ထိုင်းစီးပွားရေးလုပ်ငန်းတွေအတွက် အရေးပါသလို ဈေးကွက်ကလည်း သူတို့ကိုမှီခိုနေရပါတယ်။ ဒါပေမဲ့ ဥပဒေအရ သူတို့ကို တရားဝင်အလုပ်သမားအဖြစ် အသိအမှတ်မပြုထားတဲ့အတွက် သူတို့ဟာ ကြောက် ကြောက်လန့်လန့်နဲ့ နေထိုင်နေရပါတယ်။ အလုပ်ရှင်တွေကလည်း တရားမဝင် အလုပ်သမားငှားရမ်းမှုအတွက် အာဏာပိုင်တွေရဲ့ ဒဏ်ရိုက်ခံရမှာ စိုးရိမ်နေကြရပါတယ်။
နိုင်ငံရဲ့ တင်းကျပ်တဲ့မှတ်ပုံတင်စနစ်ကလည်း အခြေအနေတွေကို ပိုဆိုးစေခဲ့ပါတယ်။ မှတ်ပုံတင်ရတဲ့လုပ်ငန်းစဉ်ဟာ ရှုပ်ထွေးပါတယ်။ စရိတ်ကြီးတယ်၊ ပြီးတော့ မှတ်ပုံတင်လို့ရတဲ့အချိန်ကာလကလည်း ခဏလေးပဲဖွင့်ပေးလေ့ရှိပါတယ်။ မဲဆောက်က အလုပ်သမားတွေဟာ မှတ်ပုံတင်ဖို့အတွက် ချင်းမိုင်မြို့အထိ သွားရပါတယ်။ ဒါကြောင့် လူအများစုက ဥပဒေအတိုင်းလိုက်နာလုပ်ဆောင်ရတာထက် စာရွက်စာတမ်းမရှိဘဲ လာဘ်ထိုးနေထိုင်ရတာက ပိုလွယ်တဲ့အတွက် မှတ်ပုံတင်ဖို့ကို လက်လျှော့လိုက်ကြပါတယ်။
"ရဲကတ်" (police card) စနစ်ဆိုတာက ဒီလိုပုံစံနဲ့ ပေါ်ပေါက်လာတာပါ။ ရွှေ့ပြောင်းလုပ်သားတွေက အဖမ်းမခံရအောင် အကာအကွယ်ပေးထားတဲ့ အရာရှိတချို့ကို တလ ဘတ် ၆၀၀ ပေးရပါတယ်။ အစိုးရက ဒီလုပ်ရပ်ကို သိပေမဲ့ ဘာအရေးယူတာမျိုးမှ မရှိပါဘူး။ ပိုဆိုးတာက ဥပဒေအရ မှတ်ပုံတင်ထားတဲ့အလုပ်သမားတွေဟာ ထိုင်းနိုင်ငံက သူတို့ရဲ့မူလအလုပ်ရှင်နဲ့ ချည်နှောင်ခံထားရတဲ့အတွက် အလုပ်ပြောင်းရွှေ့ရတာ မလွယ်ပါဘူး။
တချို့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင် ရွှေ့ပြောင်းနေထိုင်သူအဖြစ် မှတ်ပုံတင်ပေးသင့်ပြီး၊ အလုပ်လွတ်လပ်စွာ ပြောင်းရွှေ့ခွင့် ပေးခြင်းအားဖြင့် စီးပွားရေးကို ပိုမိုထိရောက်စွာ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါဟာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ ကိုက်ညီပေမဲ့ ထိုင်းနိုင်ငံရဲ့ တင်းကျပ်တဲ့ ဥပဒေတွေအောက်မှာတော့ မဖြစ်နိုင်သေးပါဘူး။
တကယ်တမ်း အပြောင်းအလဲဖြစ်စေဖို့ဆိုရင် ခေါင်းပုံဖြတ်ခံရတာတွေကို ကာကွယ်ဖို့နဲ့ အကျင့်ပျက်ခြစားမှုကို လျှော့ချဖို့အတွက် မှတ်ပုံတင်လုပ်ငန်းစဥ်ကို ရိုးရှင်းအောင်၊ စရိတ်သက်သာအောင်နဲ့ ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် အာရုံစိုက်ရမှာပါ။ လက်ရှိ စည်းမျဉ်းတွေက အကာအကွယ်ပေးဖို့ထက် ကန့်သတ်ချုပ်ခြယ်ဖို့အတွက် ရေးဆွဲထားသလို ဖြစ်နေပါတယ်။ မျှတတဲ့စနစ်တခုဆိုတာ တရားဝင်အလုပ်လုပ်ဖို့ လွယ်ကူစေရမှာဖြစ်ပါတယ်။ ခဲယဉ်းအောင် လုပ်ထားရမှာမဟုတ်ပါဘူး။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံနှုန်းတွေအရ အလုပ်လုပ်ခွင့်ဆိုတာ အခြေခံအခွင့်အရေးတခု ဖြစ်ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်လုပ်တဲ့အတွက် အပြစ်ပေးခံရတာမျိုး မဖြစ်သင့်သလို၊ အလုပ်တခုတည်းမှာပဲ ချည်နှောင်ခံထားရတာမျိုးလည်း မဖြစ်သင့်ပါဘူး။
သူတို့ထဲကအများစုဟာ ဒီနိုင်ငံမှာနေပြီး အလုပ်လုပ်လာတာ နှစ်ပေါင်းများစွာရှိပါပြီ။ သူတို့ရဲ့ကလေးတွေက ထိုင်းကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ပညာသင်နေကြတာကြောင့် တန်ဖိုးရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်လာနေကြပါပြီ။ ဒါပေမဲ့ သူတို့ကို အခုထက်ထိ အပြင်လူတွေလိုပဲ ဆက်ဆံနေကြတုန်းပါပဲ။
ဒါကြောင့် နိုင်ငံတော်အနေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ခြိမ်းခြောက်မှုတခုလို သဘောထားနေတာကိုရပ်သင့်ပါပြီ။ ကျနော်တို့စီးပွားရေးအတွက် မရှိမဖြစ်လိုအပ်သူတွေအဖြစ် စတင်ရှုမြင်ရပါတော့မယ်။ အစိုးရက စာရွက်စာတမ်းမရှိတဲ့အလုပ်သမားတွေ နည်းပါးစေချင်တယ်ဆိုရင် သူတို့ကို တရားဝင်မှတ်ပုံတင်နိုင်အောင် လမ်းဖွင့်ပေးရပါမယ်။ အကျင့်ပျက်ခြစားမှုတွေ လျော့နည်းစေချင်တယ်ဆိုရင် ရွှေ့ပြောင်းလုပ်သားတွေနဲ့ အလုပ်ရှင်တွေကို မြေအောက်လမ်းကြောင်းထဲကို ရောက်မသွားအောင် သေချာဆောင်ရွက်ပေးရပါမယ်။
ဒါဟာ မဲဆောက်တခုတည်းအတွက်လုပ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ နယ်စပ်တွေ၊ စီးပွားရေးနဲ့ အနာဂတ်ကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာနဲ့ သက်ဆိုင်နေပါတယ်။ နိုင်ငံတနိုင်ငံဟာ တရားမျှတမှုကို လက်ကိုင်ထားတယ်လို့ ကြွေးကြော်နေပေမဲ့ တကယ့်လက်တွေ့မှာ သူ့ရဲ့စနစ်ကို နှုတ်ပိတ် အောင်လုပ်ခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ အပြစ်တင်ခြင်းတွေပေါ်မှာ တည်ဆောက်ထားလို့မရပါဘူး။
ထိုင်းနိုင်ငံအတွက် ရွေးချယ်စရာရှိနေပါတယ်။ ခေတ်မမီတော့တဲ့ဥပဒေတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ အမျိုးသားရေးအစွန်းရောက်စိတ်ဓာတ်တွေထဲမှာပဲ ပိတ်မိနေမလား။ ဒါမှမဟုတ် ဥပဒေကို မြေပြင်အမှန်တရားနဲ့ ကိုက်ညီအောင်လုပ်ဆောင်ပြီး ရှေ့တလှမ်းတိုးမလားဆိုတာပါပဲ။ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဝန်ထုပ်ဝန်ပိုးမဟုတ်ပါဘူး၊ သူတို့က ကျနော်တို့ရဲ့ စီးပွားရေးကို လည်ပတ်အောင် ထိန်းသိမ်းပေးနေသူတွေပါ။ သူတို့ကို မျှမျှတတဆက်ဆံခြင်းဟာ မူဝါဒကောင်းတခုဖြစ်ရုံသာမက ကျနော်တို့ကို အဆင့်အတန်းရှိပြီး လူသားဆန်တဲ့ လူ့အဖွဲ့အစည်းတခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုပေးမှာ ဖြစ်ပါတယ်။
ဘန်ကောက်ပို့စ်
Ref: Bangkok Post