
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ ထားစိုင်လွတ် အမှတ် ၆ ရပ်ကွက်မှာ ဇူလိုင် ၁၅ ရက် မနက် ၁၁ နာရီက WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသားတယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အမှတ် ၃၄၆ နယ်ခြားစောင့်ရဲတပ်ခွဲက အရာရှိတွေ ပူးပေါင်းပြီး မဲဆောက်မြို့နယ်၊ ထာစိုင်းလွတ် ၆ ရပ်ကွက်အတွင်း ဝင်ရောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “ဒီဘက်မှာ အရမ်းဆိုးနေပြီ၊ မူးယစ်ဆေးဝါးလည်း ခဏခဏမိတယ်၊ ပိုဆိုးတာက မြန်မာလူမျိုးဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဘက်ကို ရောက်နေတဲ့ မြန်မာလူမျိုးတွေအတွက် အနှောင့်အယှက် ဖြစ်ရတာပေါ့။ မဲဆောက်မှာက အဖမ်းဆီး အစစ်ဆေးတွေက များနေတဲ့ကာလမှာ ဆင်ခြင်သင့်တာပေါ့။ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေ မကောင်းလို့ ပြောင်းရွှေ့လာကြတဲ့သူတွေကို ကိုယ်ချင်းစာသင့်တယ်” လို့ ပြောပါတယ်။
အခု ဖမ်းဆီးရမိတာကလည်း အသက် ၃၀ ပဲရှိတဲ့ အရွယ်လေးတွေဆိုတော့ ရှေ့လျှောက် လူလုပ်ဖို့ အများကြီးကျန်သေးတာလေ၊ အကောင်းဆုံးကတော့ မူးယစ်ဆေးဝါးနဲ့ ကင်းကင်းရှင်းရှင်းနေတာ အကောင်းဆုံးပဲလို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့သူကိုတော့ မဲဆောက်မြို့ ရဲစခန်းမှာပဲ စစ်ဆေးနေပြီး ထိုင်းနိုင်ငံ ဥပဒေအရ တရားစွဲဆိုပြီး အရေးယူသွားမှာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။