
မြန်မာနယ်စပ် မြဝတီမြို့ကို ထိုင်းအစိုးရက လျှပ်စစ်မီးနဲ့ လောင်စာဆီတွေ ဖြတ်တောက်ထားတာ ၆ လ နီးပါးကြာရှိနေပြီး ပြန်လည်ခွင့်ပြုပေးဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) က ပန်ကြားလိုက်ပါတယ်။
ထိုင်းဘက်ကနေ လျှပ်စစ်မီးနဲ့ လောင်စာဆီ မရတဲ့အတွက် မြဝတီက ဒေသခံပြည်သူတွေ အခက်တွေ့နေတာကြောင့် ပြန်လည်တင်သွင်းခွင့်ပေးဖို့ တောင်းဆိုတာလို့ BGF တပ်မှူး ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က DVB ကို ပြောပါတယ်။
အခုနှစ် ဖေဖော်ဝါရီလ ၅ ရက်ကစပြီး ကျားဖြန့်နှိမ်နင်းဖို့ဆိုပြီး ထိုင်းအစိုးရက မြဝတီနဲ့ တာချီလိတ်နဲ့ ဘုရားသုံးဆူမြို့တွေအပါအဝင် နယ်စပ်မြို့တွေကို လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီတွေ တင်ပို့ခွင့် ပိတ်ထားခဲ့တာပါ။
အခုလို ထိုင်းဘက်က လျှပ်စစ်မီးနဲ့ လောင်စာဆီ ဖြတ်တောက်ထားတဲ့ ကာလမှာ မြဝတီမြို့မှာ ဆေးရုံတွေ၊ စက်ရုံအလုပ်ရုံ ကုန်ထုတ်လုပ်ရေးလုပ်ငန်း စတာတွေမှာ အခက်တွေ့နေကြပြီး ဒေသတွင်း ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။
မြို့ခံပြည်သူတွေဟာလည်း လျှပ်စစ်မီး အခက်အခဲနဲ့ ကြုံတွေ့နေကြရပြီး လက်ရှိမှာတော့ မြဝတီမြို့နယ်မှာ လိုအပ်နေတဲ့ လျှပ်စစ်မီးအတွက်သုံးဖို့ ဆိုလာပြားတွေကို တရုတ်ပြည်ဘက်က တင်သွင်းအသုံးပြုနေကြပါတယ်။