Home
နိုင်ငံတကာ
ထိုင်းတွင် အသားစိမ်းသုပ်စားရာမှ ၇ ဦး ဆေးရုံတက်ရပြီး ၂ ဦး သေဆုံး
DVB
·
July 11, 2025

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ကျွမ်တောင်းမြို့နယ်ထဲမှာ ဝက်သားကို အစိမ်းလိုက် သုပ်စားတာကြောင့် လူ ၇ ယောက် ဆေးရုံတက်ရပြီး ၂ ယောက် သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါဝေဒနာရှင်တွေမှာ အစပိုင်း အဖျားကြီးပြီး ခေါင်းကိုက်တယ်၊ ချမ်းတုန်ပြီး အကြားအာရုံ မရတော့ဘူး၊ ဒါဟာ Streptococcus suis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်တယ်၊ သူတို့ရဲ့ နေထိုင်စားသောက်ပုံ ရာဇဝင်မေးရာမှာတော့ ‘လာဘ်မူ’ လို့ခေါ်တဲ့ ဝက်သားအစိမ်းသုပ်ကို စားသုံးခဲ့ကြတယ်၊ ဝက်သားထဲမှာ အဆိုပါ ဘက်တီးရီးယားပိုးတွေ ပါဝင်တတ်ပြီး ကောင်းစွာ ကျက်အောင် ချက်ပြုတ်စားသောက်ခြင်း မရှိရင် ရောဂါရတတ်တယ်လို့ ကျွမ်တောင်းမြို့နယ် ပြည်သူ့ဆေးရုံ တာဝန်ကျဆရာဝန်က ပြောပါတယ်။

သေဆုံးသူ လူနာ ၂ ယောက်အနက် တယောက်မှာ အသက် ၅၉ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဇွန် ၃၀ ရက်က ဝက်သားစိမ်းသုပ်စားတယ်၊ ဇူလိုင် ၂ ရက်နေ့မှာ ကိုယ်လက်မအီမသာဖြစ်ပြီး ၃ ရက်နေ့ အဖျားတက်လာတယ်၊ ၅ ရက်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ဒီရောဂါဟာ အဖြစ်မြန်ပြီး အချိန်တိုအတွင်း သေဆုံးတတ်တာကြောင့် သားစိမ်းငါးစိမ်းတွေ၊ မကျက်တကျက် အသားတွေကို သတိထားရှောင်ကြဉ်ဖို့၊ အထူးသဖြင့် သန့်ရှင်းမှုမရှိတဲ့ သားသတ်ရုံက အသားတွေ၊ လတ်ဆတ်မှုမရှိတဲ့ အသားတွေ သတိထားဖို့ ဆရာဝန်က ပြောသွားပါတယ်။

အသားအစိမ်းသုပ်စားထားလို့ ကျန်းမာရေးအတွက် သတိထား စောင့်ကြည့်ခံနေရသူ ၂၇ ယောက် ရှိပေမဲ့ ရောဂါကူးစက်တဲ့လက္ခဏာတော့ မရှိသေးဘူးလို့ ဆရာဝန်က ပြောသွားပါတယ်။

လာဘ် လို့ခေါ်တဲ့ အသားသုပ်ဟာ ထိုင်းမြောက်ပိုင်း ရိုးရာအစားအစာတမျိုး ဖြစ်ပါတယ်။ တချို့က အသားစိမ်းကို တောက်တောက်စင်းပြီး ပတဲကော၊ ငရုတ်သီး၊ သံပုရာသီး၊ ကြက်သွန်နီ၊ ဆန်လှော်မှုန့်၊ ပူစီနံနဲ့ တခြား ဆေးဘက်ဝင်အရွက်တွေ ထည့်ပြီး သုပ်စားကြတယ်၊ တချို့ကတော့ အသားကို ပြုတ်ပြီးမှ အထက်ပါ အဆာပလာတွေနဲ့ သုပ်စားလေ့ရှိပါတယ်။

Source: Workpoint News / Khaosod News

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024