Home
နိုင်ငံတကာ
ဟွန်ဆန်နှင့်နီးစပ်သော ကမ္ဘောဒီးယားသူဌေးကြီးအား ထိုင်းက ဖမ်းဝရမ်းထုတ် 
DVB
·
July 9, 2025
Photo: mgronline

 

ကမ္ဘောဒီးယားနိုင်ငံအကြီးအကဲ မစ္စတာဟွန်ဆန်နဲ့ လွန်စွာရင်းနှီးတဲ့ ကမ္ဘောဒီးယားနိုင်ငံက သူဌေးကြီး MR. Kok An  “ကုတ်အန်” ဟာ ထိုင်းနိုင်ငံ ဆိုက်ဘာရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဝရမ်းထုတ်တာ ခံရတဲ့အပြင် ဘတ်သန်းပေါင်း ၂၇ သန်းကျော်ရှိ ပိုင်ဆိုင်မှုနဲ့ မော်တော်ကားတွေပါ သိမ်းဆည်းခံရတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

သူဌေးကြီး ကုတ်အန်ဟာ ကမ္ဘောဒီးယားနိုင်ငံ ဘွိုင်းပက်မြို့ စီးပွားရေးဇုန်က အဆောက်အအုံတွေကို ပိုင်ဆိုင်ပြီး နိုင်ငံတကာကျားဖြန့်ငွေလိမ်းဂိုဏ်းတွေ၊ ရာဇဝတ်သမားတွေ၊ လောင်းက စားသမားတွေဟာ အဆိုပါတိုက်တွေ၊ ကာစီနိုရုံတွေကနေ ဒုစရိုက်မှုတွေ ကျူးလွန်နေတယ်၊ သူဟာ မသိကျိုးကျွံပြုတဲ့အပြင် အားပေးအားမြှောက်တာ၊ ပူးပေါင်းရင်းနှီးမြှုပ်နှံတာတွေရှိတယ်၊ မသမာမှုက ရလာတဲ့ ငွေမည်းတွေကို ထိုင်းမှာလာပြီး ခဝါချတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့  ထိုင်းနိုင်ငံ ဆိုက်ဘာရဲတပ်ဖွဲ့က ဒီမတိုင်ခင်ကတည်းက ဖမ်းဝရမ်းထုတ်ပြီး ဇူလိုင် ၈ ရက်မှာ သူနဲ့ ပတ်သက်တဲ့ နေရာတွေကို သွားရောက်စစ်ဆေးခဲ့တာလို့ ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

ဆိုက်ဘာရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးရဲ၊ ကမ္ဘာလှည့်ခရီးသွားရဲ နဲ့ နယ်မြေခံရဲတပ်ဖွဲ့တွေပါတဲ့ ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတွေဟာ ဇူလိုင် ၈ ရက်က ထိုင်းနိုင်ငံ ဘန် ကောက်၊ ချွန်းပူးရီး၊ စမွတ်ပရကန် စတဲ့ ခရိုင်ရှိ  သူဌေးကြီး “ကုတ်အန်” နဲ့ ဆက်စပ်တဲ့ နေရာပေါင်း ၁၉  နေရာကို သွားရောက်စစ်ဆေးခဲ့တယ်၊   စမွတ်ပရ ကန်ခရိုင်  ဘန်ဖရီမြို့ရှိ  သူပိုင်ဆိုင်တဲ့ နေအိမ်တလုံးကနေ   ဘတ် ၂၇ သန်း တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေ၊ မော်တော်ကားတွေ သိမ်းဆည်းခဲ့တယ်လို့  ထိုင်းနိုင်ငံ နည်းပညာဆိုင်ရာ ရာဇဝတ်မှုတိုက်ဖျက်ရေး (ဆိုက်ဘာ) ရဲတပ်ဖွဲ့  ရဲချုပ် သရိုင်းရုန်း ဖျူဖန်းက ဇူလိုင် ၈ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

သူဟာ ကမ္ဘောဒီးယားနိုင်ငံ ဘွိုင်းပက် အထူးစီးပွားရေးဇုန်က ၂၅ ထပ်တိုက်၊ ၁၈ ထပ်တိုက်၊ Crown Casino ကာစီနိုရုံ၊   အပန်းဖြေဟိုတယ်တွေရဲ့ ပိုင်ရှင်ဖြစ်တယ်၊ အဲဒီမှာ ကျားဖြန့်ဂိုဏ်းတွေ နေထိုင်ပြီး နိုင်ငံတကာကလူတွေကို ငွေလိမ်တာ၊ ဒီဂျစ်တယ်လ်ငွေနဲ့ အလောင်းအစားလုပ်တာ၊ အမည်ခံဘဏ်စာရင်းဖွင့်တာ၊ ငွေကြေးခဝါချတာ စတဲ့ ရာဇဝတ်မှုကို ကျူးလွန်နေကြတယ်လို့ ဆိုပါတယ်။ 

“ကုတ်အန်” ဟာ အဲဒီအမှုတွေမှာ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး ပါဝင်ပတ်သက်တာကြောင့်  ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က သူ့ကို နိုင်ငံတကာရာဇဝတ်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ ဖမ်းဝရမ်းထုတ်လိုက်တာလို့ ရဲချုပ် သရိုင်းရုန်း ဖျူဖန်းက ပြောပါတယ်။ 

သူဟာ ကမ္ဘောဒီးယားအကြီးအကဲ  ဟွန်ဆန်နဲ့ အလွန်ရင်းနှီးတာကြောင့် အဲဒီနေရာကို ကမ္ဘော ဒီး ယားရဲတွေ မထိရဲဘူးလို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

“ကုတ်အန်” ဟာ တရုတ် နဲ့ ကမ္ဘောဒီးယားစပ် ကပြားတဦးဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ကော်ကုန်းခရိုင်ဇာတိဖြစ်တယ်။ တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း နဲ့ ဗီယက်နမ် ဘာသာစကား ၄ မျိုး ကျွမ်းကျင်စွာပြောဆိုတတ်ပြီး စမွတ်ပရာကန်က အိမ်ယာမြေရောင်းဝယ်ရေးအမည်ခံ ထိုင်းမာဖီး ယား အဆဝဟေ ဆိုသူနဲ့လည်း ချိတ်ဆက်မှုရှိတယ်။  အဆဝဟေဟာ ထိုင်းရဲက အလိုရှိတဲ့  ဝရမ်း ပြေးဖြစ်ပြီး ပြည်ပမှာ တိမ်းရှောင်နေတယ်လို့ ဆိုပါတယ် ။ 

Source -  CH3 TV News / SONDHI News / MGROnline  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013