Home
မြန်မာသတင်း
ထိုင်းရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားများ သတိထားနေထိုင်ရန် အကြံပေး
DVB
·
July 2, 2025

ထိုင်းနိုင်ငံတွင်းက ရွှေ့ပြောင်းလုပ်သားတွေ ဖမ်းဆီးခံရတာ များနေတဲ့အတွက် ထိုင်းနိုင်ငံရေးပဋိပက္ခ အခြေနေမှာ မြန်မာတွေ သတိထားနေထိုင်ကြဖို့ ထိုင်းရောက် မြန်မာလုပ်သားအ‌ရေး ဆောင်ရွက်နေသူတွေက အကြံပြုတိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း မဲဆောက်မြို့မှာ မြန်မာလုပ်သား ၁၀၀ ကျော် အပါအဝင် ထိုင်းနိုင်ငံ နေရာအနှံ့မှာ မြန်မာလုပ်သား ၄၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ထိုင်းအစိုးရက ကန့်သတ်ထားတဲ့ အလုပ်တွေကို လုပ်ဆောင်တာ၊ အလုပ်သမား မှတ်ပုံတင်ကတ်မှာ ဖော်ပြထားတဲ့ အလုပ်အကိုင်နဲ့ လက်တွေ့မှာ လုပ်ဆောင်နေတဲ့ အလုပ်အကိုင် မတူညီတာကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစခဲ့တဲ့ ကျားဖြန့်တိုက်ဖျက်ရေး စီမံချက်အရ တရားမဝင် နိုင်ငံခြားသား ဖမ်းဆီးစစ်‌ဆေး အရေးယူတာတွေနဲ့ ထိုင်းနိုင်ငံရေး အကျပ်အတည်းအရ ရွှေ့ပြောင်းလုပ်သားတွေ ဖမ်းဆီးခံရမှုတွေ များနေတာလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မြန်မာလုပ်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “လူကိုတော့ ၄၀၀ ‌လောက်ပဲ ဖမ်းတယ်။ ဒါပေမဲ့ အဲဒီ ရွှေ့ပြောင်းလုပ်သားတွေ သွားလာနေတဲ့ E Bike တွေ၊ ရွှေ့ပြောင်းလုပ်သားတွေ အသက်မွေးဝမ်းကျောင်းပြုတဲ့ စန်ပလောတွေ၊ ဈေးဗန်းချရောင်းတဲ့ လက်တွန်းလှည်းနဲ့ရောင်းတဲ့ စက်ဘီးတွေ၊ ခြေနင်းဆိုက်ကားတွေနဲ့ရောင်းတဲ့ လူတွေရဲ့ အသက်မွေးဝမ်းကျောင်းကိုပါ ရိုက်ချိုးလိုက်တဲ့အတွက် အကုန်လုံး ဒီနှစ် ၂၀ ‌ကျော်အတွင်းမှာတော့ အတွေ့ကြုံဆိုးကြီးပဲလေ” လို့ ပြောပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ ဖမ်းဆီးခံရတဲ့ အခြေအနေတွေ၊ အကျပ်အတည်းတွေကို တောင့်ခံ ကျော်လွှားကြဖို့ ဦးမိုးကြိုးက ဆက်ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ အလုပ်လုပ်ကိုင်တဲ့ဒေသနဲ့ အလုပ်သမားကတ်ထဲက ဒေသ မတူညီတဲ့အခါ ဧည့်စာရင်းမတိုင်မှုကြောင့် ဖမ်းဆီးခံရတဲ့သူတွေက အခုထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဒုတိယ ၆ လအတွင်းမှာ ထိုင်းနိုင်ငံ တာဝန်ရှိသူတွေက နိုင်ငံခြားသားတွေရဲ့ အထောက်အထားတွေ၊ သူတို့ရဲ့လုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေကို စစ်တမ်းကောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်အတွင်းမှာတော့ ထိုင်းအမျိုးသား အကျိုးစီးပွားကာကွယ်ရေး မူဝါဒအရ ရွှေ့ပြောင်းလုပ်သားတွေအတွက် ကန့်သတ်ထားတဲ့ လုပ်ငန်း ၂၇ မျိုး လုပ်ဆောင်နေသူတွေ၊ ထိုင်းနိုင်ငံသား အမည်ခံပြီး စီးပွားရေးလုပ်ငန်း တည်ထားသူတွေနဲ့ မြေကွက်ဝယ်ယူထားသူတွေကို ဘဏ်အကောင့်တွေကတဆင့် ထပ်မံဖမ်းဆီးသွားဖို့ ရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

AAC အဖွဲ့မှ ကိုရဲမင်းက “တပါးသူနိုင်ငံမှာ လာပြီးတော့ မှီခိုနေထိုင် စားသောက်ရတာ ဖြစ်တယ်။ အဲတော့ အိမ်ရှင်တွေ မျက်နှာမကောင်းဘူး။ အိမ်ရှင်တွေ အခြေအနေမကောင်းဘူးဆိုရင် ဧည့်သည်တွေက အိမ်ရှင်တွေ မျက်နှာအနေအထားကြည့်ပြီး ဂရုစိုက် နေထိုင်ကြရမှာ ဖြစ်တယ်။ ကိုယ့်နိုင်ငံက ဆင်းရဲ ခက်ခဲနေတယ်၊ ကိုယ့်နိုင်ငံမှာ စစ်အာဏာရှင် ကြီးစိုးထားတဲ့အချိန် တိုင်းတပါးကို မသွားချင်ဘဲသွားပြီး လုပ်ကိုင်ကြရတယ်။ နိုင်ငံအတွင်းမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ လုံးဝမရှိတဲ့အတွက် သူများနိုင်ငံကို အားကိုးနေထိုင်ကြရတဲ့ အခြေအနေမျိုးပါ။ ကိုယ့်ဘက်ကလည်း အသိ သတိလေးထားပြီး အမေစု မှာခဲ့သလို ဧည့်သည်က ဧည့်သည်လို သဘောထားပြီး နေထိုင်ကြပါ” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ နေရာအနှံ့မှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၇၀,၀၀၀ ကျော် ရှိနေတယ်လို့ ထိုင်းအရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

ထိုင်းနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံသားတွေ စုဝေး ဆန္ဒပြတဲ့ နေရာတွေကို ရှောင်ရှားကြဖို့နဲ့ ထိုင်းနိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခြင်း မပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  ဇူလိုင် ၂ ရက်မှာ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013