Home
နိုင်ငံတကာ
ဘန်ကောက်တွင် အနိမ့်ဆုံး နေ့တွက်လုပ်အားခ ဘတ် ၄၀၀ စတင်တိုးမြှင့်
DVB
·
July 2, 2025
Photo: THOMSON REUTERS FOUNDATION/ Beh Lih Yi

ထိုင်းနိုင်ငံ၊ ဘန်ကောက်နဲ့ လုပ်ငန်းခွင်တချို့မှာ အနိမ့်ဆုံး နေ့တွက်လုပ်အားခ ဘတ် ၄၀၀ တိုးမြှင့်ပေးမယ့်အစီအစဉ်ကို ဇူလိုင် ၁ ရက် ထိုင်းအစိုးရအဖွဲ့ ဝန်ကြီးများအစည်းအဝေးက သဘောတူလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လုပ်အားခညှိနှိုင်းရေး ကော်မတီကနေ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်က တင်ပြထားတာကို မနေ့က အစည်းအဝေးက အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အစည်းအဝေးက အတည်ပြုပြီး တနေ့တည်းမှာ တရားဝင်ပြန်တမ်း ထုတ်ပြန်ခဲ့သလို သတ်မှတ်လုပ်အားခကိုလည်း ဇူလိုင် ၁ ရက်က စတင်ရရှိမှာဖြစ်တယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာန  ဒုပြောရေးဆိုခွင့်ရှိသူ နန်းဆောင် ဆဆီကန် ဝပ်ထနကန်က ထုတ်ပြန်ပြောပါတယ်။

နေ့တွက်လုပ်အားခ တနေ့ဘတ် ၄၀၀ ရရှိမယ့် အလုပ်သမားတွေထဲမှာ ၃ အုပ်စုရှိကြောင်း၊ အုပ်စု ၁ ဘန်ကောက်နယ်မြေတွင်းရှိ လုပ်ငန်းစုံ အလုပ်သမားအားလုံး၊ အုပ်စု ၂ တနိုင်ငံလုံးရှိ ထမင်းစားခန်း / အစည်းအဝေး ပါရှိတဲ့ ကြယ်ပွင့် ၂၊ ၃၊ ၄ အဆင့် ဟိုတယ်တွေနဲ့ အခန်း ၅၀ အထက်ရှိ ဟိုတယ်က အလုပ်သမားတွေ၊ အုပ်စု ၃ တနိုင်ငံလုံးရှိ နိုက်ကလပ်၊ အရက်ဘား၊ ကာရာအိုကေ၊ အနှိပ်ခန်း စတဲ့ ဖျော်ဖြေရေး ဝန်ဆောင်မှုလုပ်ငန်းတွေ ခရီးသွား ဧည့်ကြိုလုပ်ငန်း စတာတွေ ပါဝင်ပါတယ်။

ဒီအုပ်စုက အလုပ်သမားတွေဟာ မူလက တနေ့ ၃၇၂ ဘတ်သာရပြီး အခုချိန်ကစ ဘတ် ၄၀၀ ရရှိမယ်၊  အကျိုးခံစားရမယ့် အလုပ်သမားဦးရေ ၇၀၀,၀၀၀ ခန့်ရှိမယ်လို့ ဆိုပါတယ်။

တခြားဒေသက အလုပ်သမားတွေကတော့ မနှစ်က တိုးပေးခဲ့တဲ့အတိုင်းသာဖြစ်ပြီး ပြောင်းလဲမှု မရှိသေးပါဘူး။

ဒီမတိုင်ခင်က ထိုင်းအလုပ်သမားဝန်ကြီး အပါအဝင် တခြားဝန်ကြီးတွေပါတဲ့ ဖုမ်ကျိုင်ထိုင်း ပါတီဟာ အစိုးရအဖွဲ့က နုတ်ထွက်ပြီး အတိုက်အခံပါတီဘက် ပြောင်းသွားတာကြောင့် လုပ်အားခ တိုးမြှင့်ရေးကိစ္စ စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။

မနေ့ကတော့ လစ်လပ်နေတဲ့ ဝန်ကြီးရာထူးနေရာတွေ ပြန်လည်ရွေးချယ်ခန့်ထားကာ ဝန်ကြီးများ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

အသစ်ရောက်လာတဲ့ အလုပ်သမားဝန်ကြီးမှာ ဖွေ့ထိုင်းပါတီမှ နိုင်းဖုန်းကဝင်း ကျင်ရုန့်ရိန်းကစ် ဖြစ်ပါတယ်။

Source: Thai PBS News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013