Home
နိုင်ငံတကာ
ထိုင်းနှင့် ကမ္ဘောဒီးယား ရိုးရာမင်္ဂလာဆောင် ဝတ်စုံကိစ္စ အငြင်းပွါး 
DVB
·
July 10, 2025
Photo: AMARINTV

ထိုင်းနဲ့ ကမ္ဘောဒီးယား အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ နယ်စပ်အငြင်းပွါးမှုပြဿနာ မပြေလည်သေးခင်မှာဘဲ  ရိုးရာ မင်္ဂလာဆောင် ဝတ်စုံနဲ့ ပတ်သက်ပြီး နောက်ထပ် အငြင်းပွါးစရာ အကြောင်းအရာ ထပ်ကြုံလာရပြန်ပါတယ်။ 

ကမ္ဘောဒီးယားနိုင်ငံဟာ သူ့နိုင်ငံရဲ့ ရိုးရာလက်ထပ်ထိမ်းမြားခြင်းဓလေ့ထုံးစံကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) မှာ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းမယ်လို့  သတင်းတွေ ထွက်ပေါ်နေပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံထဲမှာတော့ ကမ္ဘောဒီးယားကနေ UNESCO ကို တင်သွင်းမယ့် သတို့သမီးဝတ်စုံဟာ ထိုင်းအမျိုးသမီးဝတ်စုံနဲ့ တထေရာတည်းဖြစ်နေပါတယ်။  အဆိုပါ ဝတ်စုံမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက ထိုင်းကျက္ကရီးမင်းဆက် မိဖုရားနဲ့ နန်းတွင်းသူတွေ စတင် ဝတ်ဆင်ခဲ့တာဖြစ်ပြီး  ထိုင်းအမျိုးသမီးတွေလည်း ကနေ့ထိတိုင်အောင် မင်္ဂလာယူတဲ့ပွဲ၊ အခမ်းအ နားတွေမှာ ဝတ်ဆင်နေကြတာလို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းဝတ်စုံကို ကမ္ဘောဒီးယားတင်မက တခြားနိုင်ငံသားတွေလည်း ဘယ်သူမဆို နှစ်ခြိုက်ခုံမင်စွာ ဝတ်ဆင်နိုင်ပေမဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းမယ်ဆိုရင်တော့ ထိုင်းအမျိုးသားရဲ့ သင်္ကေတကို မိမိပိုင်အဖြစ် တင်ပြတာမလုပ်သင့်ဘူးဆိုပြီး ထိုင်းရိုးရာယဉ်ကျေးမှု အသိုင်းအဝန်းမှာရော လူမှုကွန်ရက်မှာပါ ဝေဖန်မှုတွေ မြင့်တက်နေတာပါ။ 

ကမ္ဘောဒီးယားဘက်ကလည်း အဆိုပါဝတ်စုံဟာ  သူတို့ဘိုးဘွားလက်ထက်နှစ်ပေါင်း ထောင် ကျော်ကတည်းက ဝတ်ဆင်လာခဲ့တဲ့ ရှေးဝတ်စုံလို့ တုံ့ပြန် ပြောဆိုနေကြပါတယ်။

ထိုင်းလူမှုအသိုက်အဝန်းကတော့ ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ မိမိအမျိုးသားသင်္ကတ မပျောက်ရေး တစုံတရာအရေးယူဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောဆိုနေပါတယ်။

လက်ရှိ ယဉ်ကျေးမှုဝန်ကြီးရာထူးယူထားတဲ့ ဖဲထောင်းထန်းရှင်နာဝပ်က အစည်းအဝေးတခုကို အလာ သတင်းထောက်တွေက အမျိုးသားဝတ်စုံကိစ္စ မေးမြန်းရာမှာ သူက ဌာနအနေနဲ့  ကြေညာချက်တစောင်ထုတ်ပြန်ဖို့ရှိတယ်လို့သာ ဖြေကြားသွားပါတယ်။ 

ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနရဲ့  ဇူလိုင် ၁၀ ရက် ထုတ်ပြန်ချက်မှာတော့ ထိုင်းနိုင်ငံအနေနဲ့ မိမိနိုင်ငံရဲ့ အမျိုးသားဝတ်စုံတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက ဦးစွာတင်ပြခဲ့ပြီးဖြစ်တယ်။

လောလောဆယ် ကော်မတီအဖွဲ့က စိစစ်နေဆဲဖြစ်တယ်လို့  ဆိုပါတယ်၊ အဆိုပါထုတ်ပြန်ချက်မှာ ကမ္ဘောဒီးယားနိုင်ငံမှ အဆိုပြုချက်ကို ဘာမှထည့်သွင်းရေးသားထားတာမရှိလို့  ကမ္ဘောဒီးယားကို ခုထိအားနာနေရတုန်းပဲလားဆိုပြီး ပြစ်တင်ဝေဖန်နေကြပါတယ်။ 

Source :  3Plus News / Amarin TV / Thairath TV 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013