
ထိုင်းနိုင်ငံရဲ့ ဘတ် ၃၀ ကျန်းမာရေးကုသမှု စီမံကိန်းက နာမည်ကျော်ပါတယ်။ သဘောက လူအများနဲ့ ကျန်းမာရေး အာမခံထားတဲ့ စနစ်ဖြစ်ပြီး တနှစ်မှာ အာမခံကြေး တကြိမ် ပေးသွင်းရပါတယ်။ “ရွှေရောင်ကတ်” Gold card လို့ခေါ်တဲ့ ကတ် (ထိုင်းအခေါ် ဘတ်) ရပါတယ်။ နောက်ပိုင်း ဆေးရုံသွားတဲ့အခါ ကုန်ကျစရိတ် ဘတ် ၃၀ သာ ကျသင့်ပါတော့တယ်။ အောင်မြင်တဲ့ ဇာတ်လမ်း အများကြီးရှိသလို မအောင်မြင်တဲ့ ဆေးရုံတွေလည်း ရှိတယ်လို့တော့ ဖတ်ရပါတယ်။ ကိုယ်တွေ့ကတော့ ကျနော့် ယောက္ခမကြီး မကွယ်လွန်ခင် ရောဂါသည်းနေတုန်း အရေးပေါ် (ICU) အခန်းမှာ တလလောက် နေလိုက်ရပါတယ်။ ငွေရှင်းတော့ ဘတ် ၃၀ သာ ကျသင့်ခဲ့ပါတယ်။ အခုတော့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဒါနဲ့ပတ်သက်လို့ ရေးထားတဲ့ စိတ်ဝင်စားစရာ ဆောင်းပါးလေး ဖတ်ရပါတယ်။ [Philip J Cunningham. (June 19, 2025). Can the 30-baht health scheme survive? Bangkok Post.] ဖိလစ်ကတော့ အာရှနိုင်ငံရေးကိစ္စတွေ ရေးသားနေတဲ့ မီဒီယာသမား ဖြစ်ပါတယ်။
ဆောင်းပါးရှင် ဖိလစ်က မိတ်ဆွေတဦးအိမ်မှာ ထိုင်းနိုင်ငံရဲ့ အမျိုးသားကျန်းမာရေး လုံခြုံမှုရုံး National Health Security Office (NHSO) ရဲ့ အတွင်းရေးမှူးချုပ် ဖြစ်သူ ဒေါက်တာ ဂျာဒက် ထမ်မတ်တချာရီနဲ့ မိတ်ဆွေတဦးအိမ်မှာ တွေ့ပြီး စကားပြောဆို၊ မေးခွင့်ရခဲ့ပါတယ်တဲ့။ ဒါကို ပြန်ရေးထားတာပါ။ ဒေါက်တာ ဂျာဒက်ကလည်း စိတ်ရှည်လက်ရှည် ကျိုးကြောင်းသင့် ပြန်ရှင်းပြခဲ့တယ် ဆိုပါတယ်။
အမျိုးသားကျန်းမာရေး လုံခြုံမှုရုံး (NHSO) ဆိုတာကတော့ ထိုင်းနိုင်ငံ ဘယ်နေရာမှာမဆို ကျန်းမာရေးစောင့်ရှောက်မှုမှာ (အခမဲ့တော့မဟုတ်) သင့်တင့်တဲ့နှုန်းထားနဲ့ ကုသနိုင်ဖို့ တာဝန်ယူရတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီရုံးကို အမျိုးသားကျန်းမာရေး လုံခြုံမှုဆိုင်ရာ ဥပဒေ (၂၀၀၂) အရ ဖွဲ့စည်းခဲ့တာပါ။ ခုအချိန်မှာတော့ အစိုးရဗျူရိုကရေစီထဲမှာ ရန်ပုံငွေထောက်ပံ့မှု အကောင်းဆုံး ရထားတဲ့အဖွဲ့ပါ။ သူတို့က အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုအတွက် ထောက်ပံ့မှု ပေးရပါတယ်။ လူကြိုက်များခဲ့တဲ့ အစီအစဉ်တခုဖြစ်ပြီး ငွေအခက်အခဲ ရှိနေသူတွေက ဆရာဝန်ဆီ တခါလာပြရင် ဘတ် ၃၀ သာ ကုန်ကျမယ့် အစီအစဉ် ဖြစ်ပါတယ်။
ဒေါက်တာဂျာဒက် ပြောတာက ဒီလို တော်လှန်ဆန်းသစ်တဲ့ အိုင်ဒီယာကို စတင်ခဲ့သူက ပြည်သူ့ကျန်းမာရေးဝန်ထမ်း (ကွယ်လွန်လေပြီးဖြစ်တဲ့) ဒေါက်တာ ဆန်ဂအန် နီတာယာရုမ်ဖောင်လို့ အသိအမှတ်ပြု ပြောပြပါတယ်။ ထိုင်းနိုင်ငံမှာ ၁၉၈၀ ခုနှစ်တွေကတည်းက အကောင်းဆုံး လူအားလုံးအတွက် ကျန်းမာရေးအစီအစဉ် (universal health care) ကို ရှာဖွေနေခဲ့တယ်လို့ ဆိုပါတယ်။ ‘မို ပရာဝက်’ လို့ နာမည်ပြောင်နဲ့ လူသိများတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးသမား ဒေါက်တာပရာဝက်ဝါဆီက အစောဆုံး စဦးတီထွင် ကြိုးပမ်းခဲ့ပါတယ်။
‘ဘတ် ၃၀ နဲ့ ဆေးကုမယ်’ ဆိုတာက နိုင်ငံရေးကြွေးကြော်သံမျိုး ဆန်လှပြီး ခုချိန်တိုင် ဆက်လက်တည်မြဲနေတာ အံ့ဩစရာပါ။ ခုအချိန်မှာတော့ လက်ရှိဝန်ကြီးချုပ် အကြံပေးတဦး ဖြစ်နေတဲ့၊ လူထုသည်းခြေကြိုက် အစီအစဉ်တွေ အကြံပေးပုဂ္ဂိုလ် ပန်ဆက်ဝင်ရလတ် အရင်ဝန်ကြီးချုပ် သက်ဆင် လက်ထက်ကစလို့ အသုံးပြုခဲ့ကြပါတယ်။ နိုင်ငံရေး အကွဲအပြဲတွေ ကြားထဲက အခုတိုင် ရေရှည်တည်တံ့နေသေးတဲ့၊ အပြုသဘောဆောင်တဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။ သင့်တင့်တဲ့ ဘတ် ၃၀ နဲ့ ဆေးကုဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်သလောက်ပါပဲ။ ဝေဖန်သူတွေကလည်း ဒီလို ဆိုခဲ့ကြပါတယ်။ အလုပ်မဖြစ်နိုင်ဘူး၊ လှည့်ဖြားတာ၊ နိုင်ငံရေးကြွေးကြော်သံပဲလို့ ဆိုခဲ့ပါတယ်။ ခုချိန်တိုင် အလုပ်ဖြစ်နေဆဲပါ။ သေချာတာက ဘတ် ၃၀ စီမံကိန်း စတင်တော့ ရေတံခါးကြီး ဖွင့်လိုက်သလို လူနာတွေ တဖွဲဖွဲရောက်လာကြတာ တည်ဆဲ အစိုးရဆေးရုံတွေအပေါ် ဖိအားတွေ ကျခဲ့ပါတယ်။ ကျန်းမာရေးပညာရှင်တွေအတွက်လည်း အလုပ်များ ဖိစီးခဲ့ပါတယ်။
သိပ်မကြာခင်ကတောင် တချို့ ဝေဖန်သူတွေနဲ့ ဆရာဝန်တွေက ဒီ ဘတ် ၃၀ အစီအစဉ်ဟာ အစိုးရဆေးရုံတွေအပေါ် အလုပ်ဖိစီးလွန်းတာကြောင့် ဆက်ရပ်တည်ဖို့ ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်လာလိမ့်မယ်၊ ဝန်ထမ်းတွေနဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေလည်း ရှိလာမယ်လို့ သတိပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒေါက်တာ ဂျာဒက်က တဖက်က ရန်ပုံငွေ ပိုထောက်ပံ့ပေးတာရယ်၊ တဖက်မှာလည်း တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေကို သုံးပြီး အလုပ်တာဝန် ခွဲဝေနိုင်တာကြောင့် ဒီပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
ဘတ် ၃၀ အစီအစဉ် တခုလုံးက ဈေးကြီးပါတယ်။ နိုင်ငံတော်ဘတ်ဂျက် တခုလုံးရဲ့ ပျမ်းမျှ ၄ ရာခိုင်နှုန်းလောက် သုံးနေရပါတယ်။ ဒါတောင် တခြားနိုင်ငံတွေမှာ လွှမ်းခြုံမှု သိပ်မသေချာဖြစ်နေတဲ့၊ လူတိုင်းအတွက် ကျန်းမာရေး မဖြစ်နိုင်သေးတဲ့ စောင့်ရှောက်မှုစနစ်တွေထက် ငွေသုံးတာ နည်းနေသေးပါတယ်လို့ ဆိုပါတယ်။ ဒါတောင်မှ ဒီအစီအစဉ်ရဲ့ ကျေးဇူးရှိတယ် ဆိုပါတယ်။ ထိုင်းနိုင်ငံက လူတွေရဲ့ ပျမ်းမျှသက်တမ်း မြင့်စေတာပါ။ ကမ္ဘာ့သက်တမ်း အမြင့်ဆုံးထဲတောင် ပါဝင်နေပါတယ်။ ပြောရရင် ငွေကို အကျိုးရှိစွာ သုံးနိုင်ခဲ့တာပါ။
အစိုးရဆေးရုံ အားလုံးနဲ့ ပုဂ္ဂလိကဆေးရုံတွေကပါ လူကျတဲ့အချိန်မှာ ပုံမှန်လူနာတွေအပြင် ပါဝင်လက်ခံပေးကြပါတယ်။ ပြင်ပ ပုဂ္ဂလိကဆေးရုံတွေက အခုဝန်ပိုကို ဝင်ထမ်းပေးတာနဲ့အမျှ ငွေကြေးပြန်ပေးပါတယ်။ တဖက်ကလည်း လေ့ကျင့်သင်တန်းပေးမှုနဲ့ ပုဂ္ဂလိကကဏ္ဍက ဆရာဝန်များအတွက် အထူးကုလူနာတွေ ကြုံရတတ်ပါတယ်။ ဒီအစီအစဉ်ကို နိုင်ငံတဝန်း ဆေးပေးခန်းကွန်ရက်က ဆေးရောင်းဆိုင် ၅,၀၀၀ ကလည်း ပံ့ပိုးပေးပါတယ်။ သူတို့ကို သင်တန်းပေး၊ လက်မှတ်ထုတ်ပေးပါတယ်။ သဘောကတော့ ဆေးရုံတွေကို လူနာသွားစရာ မလိုတော့၊ လူနာနည်းသွားပြီး ပြင်ပဆေးခန်းတွေမှာ ညွှန်ကြားမှုနဲ့ ဆေးဝယ်သောက်နိုင်အောင်ပါ။ အုပ်ချုပ်သူတွေကလည်း တတ်နိုင်သမျှ ကုန်ကျစရိတ်၊ ဖိစီးမှုနဲ့ အလုပ်ကျတာ နည်းအောင် ကြိုးပမ်းကြပါတယ်။ လူတွေကို ဒေသအလိုက် ဆေးကုသမှု ခံယူဖို့ပါ။ သူနာပြုတွေနဲ့ ရပ်ကွက်အဆင့်မှာ အဖျားအနာ ကုသနိုင်တာတွေ လုပ်ထားပေးပါတယ်။
ဒေါက်တာဂျာဒက်က အခြားနိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့လည်း နှိုင်းယှဉ်ပြခဲ့ပါတယ်။ ဗြိတိန်က အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု (NHC) အစီအစဉ်မှာ ကြိုးနီစနစ်ကြောင့် နှောင့်နှေးရတယ်။ ဥပမာ ဆရာဝန်တဦးက လူနာကြည့်ဖို့ ၁၅ မိနစ်ပဲ အချိန်ပေးထားတယ်။ ဒါဆိုရင် တနာရီမှာ လူနာ ၄ ဦးပဲ ကြည့်နိုင်မယ်။ ဒီလိုနဲ့ စောင့်နေရတဲ့ လိုင်းက ရှည်နေပါလေရော။
ဂျပန်မှာဆိုရင် လူတွေ ပျမ်းမျှသက်တမ်းရှည်တယ်။ သူ့အစီအစဉ်က ဘက်စုံလို့ ပြောလို့ရနိုင်တယ်။ ဒါပေမဲ့ ထိုင်းမိုဒယ်နဲ့တော့ တိုက်ရိုက်တူညီတယ်လို့ မဆိုနိုင်ဘူး။ ထိုင်းက ဗဟိုချုပ်ကိုင်မှုနဲ့ သွားတယ်။ ဂျပန်က အဲသလို မဟုတ်ဘူး။
တရုတ်ကကျတော့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် မြို့ပြတွေမှာ အထူးကောင်းတယ်။ ဒါပေမဲ့ ကျေးလက်ဒေသတွေမှာ ပြဿနာရှိတယ်။ လူဦးရေနဲ့မျှတဲ့ ဆရာဝန်အရေအတွက် ရှိမနေဘူး။ အစောပိုင်းကာလတွေမှာတော့ ဆေးပေးခန်းတွေမှာ ဖိနပ်ဗလာ ဆရာဝန် ဆိုတာမျိုးတွေ ရှိခဲ့တယ်။ အဲသလို ဆိုရှယ်လစ်ခေတ် မိုဒယ်မျိုးတော့ ပြန်မသွားလိုတော့ဘူး။
ဆေးရုံတွေက ကိရိယာ ပြည့်စုံ စုံလင်ပါတယ်။ ဆရာဝန်တွေလည်း ရှိကြတယ်။ အတွေ့အကြံလည်း များကြတယ်။ ပုံမှန် တပတ်ကို လူနာ ၁၀၀ ကျော် ကြည့်ပေးတယ်။ ဒါပေမဲ့ စိတ်မရှည်နိုင်လောက်အောင် လူတန်းရှည်တာ၊ ကြာတာနဲ့ အခွင့်အရေးရဖို့ လာဘ်ပေးတာတွေ ဖြစ်လာတယ်။ ငွေပေးချေဖို့ လိုင်းကျော် လူဖြတ်တန်းစီတာတွေ ဖြစ်လာတယ်။
ရဝမ်ဒါနိုင်ငံမှာတော့ ထင်မထားလောက်အောင်ဘဲ ကျေနပ်ဖွယ်ရှိတယ်။ ကျန်းမာရေး စောင့်ရှောက်မှု မိုဒယ်က အပျံစားပဲ။ တီထွင်ဆန်းသစ်မှုလည်း ရှိတယ်။ အစီအစဉ် ဘက်စုံရှိတယ် ဆိုနိုင်တယ်။ ဒီလို အချိန်သိပ်မကြာသေးခင်က ဂျီနိုဆိုက်ဖြစ်ခဲ့တဲ့ ဆင်းရဲတဲ့နိုင်ငံတခုက ခုလို ထူးခြားစွာ အောင်မြင်မှုရလာတာ အသိအမှတ်ပြုဖို့ ကောင်းတယ်။
ဒေါက်တာဂျာဒက်က ကျူးဘားကို မိုဒယ်တခုအဖြစ် ဆွေးနွေးထောက်ပြတာကို ဆောင်းပါးရှင် ဖိလစ်က အံ့ဩနေတယ်။ သူက ကျူးဘားကို ရောက်ဖူးပြီး အဲဒီစနစ် ဘယ်လိုအလုပ်လုပ်တယ် ဆိုတာကိုလည်း အနီးကပ် လေ့လာခဲ့ဖူးတယ်။ ဖီဒယ် ကက်စထရိုက ဆရာဝန်တွေထုတ်လုပ်ဖို့ ကတိပေး ပြောထားဖူးပြီး ဆေးတက္ကသိုလ်တွေကလည်း ပိုထွက်နေအောင် မွေးထုတ် လေ့ကျင့်ပေးခဲ့တယ်။ အနည်းဆုံး လုံလောက်တဲ့ ကုသရေးအတွေ့အကြုံ ရှိကြတယ်။ ကျူးဘားနိုင်ငံဆိုရင် အာဖရိကနဲ့ လက်တင်အမေရိကတိုက်က ဆင်းရဲတဲ့နိုင်ငံတွေအတွက် ဆရာဝန်တွေ ပို့လွှတ်ပေးနိုင်လောက်အောင် ဖြစ်နေတယ်။
ဒေါက်တာဂျာဒက် အပြောအရ အခုအခါ မရှိတော့တဲ့ ထိုင်းကွန်မြူနစ်ပါတီ (CPT) ကိုလည်း အသိအမှတ်ပြု ချီးကျူးတယ်။ အံ့ဩစရာတော့ကောင်းတယ်။ သူတို့တတွေ ပြောက်ကျားစစ် ဆင်နွှဲစဉ်ကာလက ဝေးလံတဲ့ စစ်စခန်းတွေ အခြေစိုက်ရာ တောင်တန်းတွေပေါ်မှာ ၁၉၆၀ ခုနှစ်များ၊ ၁၉၇၀ ခုနှစ်များ ကာလတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းပေးခဲ့ကြတယ်။ ထိုင်းကွန်မြူနစ်ပါတီ (CPT) က အင်အားသေးခဲ့ပြီး သိပ်တော့ မထိရောက်ခဲ့ပါဘူး။ တောင်တန်းဒေသတွေလောက်မှာပဲ မထင်မရှား ရှိခဲ့ပါတယ်။ တရုတ်- ဆိုဗီယက် အယူအဆရေးရာ သဘောကွဲလွဲမှုအောက်မှာ သူတို့တော်လှန်ရေးက ပြဿနာရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီသူပုန်အဖွဲ့ရဲ့ တောတွင်းစခန်းတွေမှာ ဆရာဝန် များစွာရှိခဲ့တယ်။ အများစုက မဟီဒေါတက္ကသိုလ်မှာ လေ့ကျင့်ပေးခဲ့တဲ့ ဆရာဝန်တွေ။ အခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။
ဒေါက်တာဂျာဒက်က တခုတော့ ဂုဏ်ယူတယ်။ ထိုင်းနိုင်ငံဟာ အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် ပေးနိုင်တယ်လို့ သူယူဆတယ်။ ထိုင်းပြည်သူ့ကျန်းမာရေးဌာန အပြင် နောက်ထပ် အပေါင်းလက္ခဏာတခုက ထိုင်းလူမှုအဖွဲ့အစည်း ဖွဲ့စည်းထားပုံပဲ။ လူအိုတွေကို မစွန့်ပစ်ထားဘဲ ကျန်မိသားစုက စောင့်ရှောက်ကြတယ်။ ရပ်ရွာနဲ့ဆက်ပြီး ထိတွေ့ ဆက်ဆံခွင့် ရကြတယ်။
ဒါပေမဲ့ ထိုင်းမှာ လက်ယာယိမ်းတဲ့ နိုင်ငံရေးသမားတွေက ၂၀၁၄ ခုနှစ်ကစလို့ အခု ကျန်းမာရေးအစီအစဉ်တွေကို ဖြတ်တောက်ဖို့ ကြိုးစားခဲ့ကြတယ်။ အခု အမေရိကန်မှာ ရီပတ်ဘလစ်ကင်ပါတီက ဆောင်ရွက်နေကြသလိုမျိုးလို့ ဒေါက်တာဂျာဒက်က ဆိုတယ်။ ဒါပေမဲ့ လူထုကြိုက်တဲ့ အစီအစဉ်မို့လို့ ပြန်ရုပ်သိမ်းဖို့ မအောင်မြင်ခဲ့ကြဘူး။ နိုင်ငံရေးအယူအဆ ကွဲပြားနေကြပေမဲ့ အင်အားစုအသီးသီးက အကျယ်အပြန့် ထောက်ခံခဲ့ကြတယ်။
ထိုင်းနိုင်ငံမှာ ဆေးပညာလေ့လာသင်ကြားတာက ပေါ်ပြူလာဖြစ်ပြီး ဆရာဝန် အများအပြားကိုလည်း မွေးထုတ်ပေးနေပါတယ်။ အတော်ဆုံး အကောင်းဆုံးဆိုတဲ့ ဆရာဝန်တွေလည်း ထွက်ပေါ်ခဲ့တယ်။ ဒေါက်တာဂျာဒက် ပြောတာကတော့ ဘန်ကောက်မှာ တိုးရစ်တွေကို ဆေးလာကုဖို့ ဆွဲဆောင်နေတဲ့ နာမည်ကြီးဆေးရုံ ဘမ်ရုန်ရက်ဒ်ဆေးရုံ မိုဒယ် (Bumrungrad model) ကိုတော့ သူမကြိုက်ပါဘူးတဲ့။ သူမြင်ချင်တာက တန်းတူညီမျှမှုရှိတဲ့ အမျိုးသားစနစ် ဆေးရုံတွေကိုပဲ သူမြင်ချင်တယ်လို့ ဆိုပါတယ်။ ထိုင်းတွေအတွက်၊ နိုင်ငံခြားတိုးရစ်တွေနဲ့ နိုင်ငံခြားသား နေထိုင်သူတွေအတွက် သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဖြစ်စေချင်ပါတယ်။
ဒေါက်တာဂျာဒက် ကိုးကားပြောတာက ဥဘွန်ခရိုင်နဲ့ အီဆန်ဒေသ တောင်ပိုင်းတဝိုက်မှာ တိုးများလာနေတဲ့ ဆေးရုံတွေကို အောင်မြင်မှုအဖြစ် ထောက်ပြ ပြောဆိုပါတယ်။ သူတို့က လာအိုတောင်ပိုင်းနဲ့ ကမ္ဘောဒီးယား အတွက်လည်း ကျန်းမာရေး ဗဟိုချက်မတခုလို ဖြစ်လာနေပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်က ငြင်းခဲ့ကြတဲ့သူတွေလည်း အခုတော့ ဒီကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ထောက်ခံလာကြပြီ။ နိုင်ငံတဝန်း ကျယ်ကျယ်ပြန့်ပြန့် အလုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။
လူသားတိုင်း ခံစားနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု (universal healthcare) နဲ့ အလားတူစနစ်မျိုး ဖြစ်ဖို့ ထိုင်းနိုင်ငံက နောက်ထပ် ဆယ်စုနှစ် ၂ ခုလောက် ခရီးသွားရပါဦးမယ်။ ဒေါက်တာဂျာဒက် ပြောတာကတော့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့ဘဏ်ကတော့ ထိုင်းအစီအစဉ်တွေကို စိတ်ဝင်စားနေတယ်။ အောင်မြင်မှုရယ် အခြေခံအိုင်ဒီယာရယ်ကို အနာဂတ်မှာတော့ လက်ခံလာကြမယ် ယူဆပါရဲ့လို့ ဒေါက်တာဂျာဒက်က အကောင်းမြင်ထားပါတယ်။
မြန်မာနိုင်ငံအဖို့မှာတော့ ဦးထင်ကျော် သမ္မတဖြစ်စဉ်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ လူသားအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု Universal Health Coverage (UHC) ညီလာခံမှာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ကတိပြုမိန့်ခွန်း ပြောခဲ့ဖူးပါတယ်။ သက္ကရာဇ် ၂၀၃၀ ရောက်ရင် မြန်မာနိုင်ငံမှာလည်း လူသားအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု Universal Health Coverage ဖြစ်ဖို့ ကြိုးပမ်းနေတယ်လို့ ကတိပြုခဲ့ပါတယ်။ ဘယ်ဆီဘယ်ဝယ်တော့ မသိနိုင်ပါဘူး။
အောင်သူငြိမ်း
Ref: Bangkok Post
Photo: Mae Tao Clinic