
ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ ဩဂုတ် ၆ ရက် ညနေပိုင်းက ယာဉ် ၅ စီးနဲ့ ဆိုင်ကယ် ၁ စီး ဆင့်ကဲတိုက်မှု ထပ်မံဖြစ်ပွါးခဲ့လို့ မြန်မာနိုင်ငံက တိုင်းရင်းသား ၂ ယောက် အပါအဝင် ၅ ယောက် ဒဏ်ရာရသွားတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
မနေ့ ညနေ ၅ နာရီလောက်က ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စုက အမှတ် ၃၂၃ အဝေးပြေးလမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွါးကြောင်း အကြောင်းကြားချက်ရတာကြောင့် ကျန်းမာရေးဝန်ထမ်း၊ ကယ်ဆယ်ရေးအဖွဲ့ ၊ လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက် စစ်ဆေးခဲ့တယ်လို့ ဆန်ခလပူရီမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်ပွါးရာနေရာဟာ တောင်စောင်းလမ်းမှာဖြစ်ပြီး ၁၀ ဘီးတပ်ကုန်တင်ကားကြီးက အရှေ့က ဟိုင်းလက်စ် ကားနောက်ကို အရှိန်နဲ့ဝင်တိုက်ထားလို့ ဟိုင်းလက်စ်ကားလုံးဝပျက်စီးနေပြီး နောက်ထပ်အရှေ့က ကား ၄ စီးနဲ့ ဆိုင်ကယ် ၁ စီးတို့လည်း ဆင့်ကဲတိုက်ထားတဲ့ အနေအထားကို တွေ့ရတယ်၊ ၁၀ ဘီးကားမောင်းသမားဟာ စတီရာရင်ကိုင်လျက် ပြင်းထန်စွာဒဏ်ရာရပြီး ကယ်ဆယ်ရေး အဖွဲ့ကသူ့ကို အချိန် ၁ နာရီလောက်အကြာ ခက်ခဲစွာ ဆွဲထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ ၁၀ ဘီးတပ်ယာဉ်မောင်းအမည်မှာ နိုင်းဝိချိုင်း ချိုင်းနိရန်း ( အသက် ၆၃ နှစ် ) ဖြစ်ပြီး အဲဒီဖြစ်စဉ်မှာ ယာဉ်မောင်းအပြင် နောက်ထပ် အသက် ၅၂ ရွယ် မွန်အမျိုးသား တယောက် ၊ ၂၉ နှစ်အရွယ် ကရင်တိုင်းရင်းသူ တယောက် ၊ အသက် ၃၀ နှစ်ရွယ် ထိုင်းအမျိုးသား တယောက် နဲ့ ၃၃ နှစ်ရွယ် ထိုင်းအမျိုးသမီးတယောက် စုစုပေါင်း ၅ ယောက် ဒဏ်ရာရပြီး ကယ်ဆယ်ရေးအဖွဲ့က သူတို့အားလုံးကို ဆန်ခလပူရီဆေးရုံပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မျက်မြင်သက်သေတို့ပြောပြချက်အရ အဆိုပါတောင်ဆင်းလမ်းမှာ အရှည် ၁၅၀၀ မီတာလောက်ရှည်လျားတယ်၊ ၁၀ ဘီးကားကြီးက အဆင်းလမ်းမှာ မောင်းနှင်လာစဉ် မိုးသည်းထန်စွာရွာသွန်းပြီး လမ်းချော်လာတယ်၊ လမ်းကွေ့ တနေရာအရောက်မှာ ရပ်လို့လည်းမရ အရှိန်သပ်လို့လည်းမရဘဲ ရှေ့ကသွားနေတဲ့ ဟိုင်းလက်စ်ကားကို နောက်ကနေဝင်တိုက်တယ်၊ ဟိုင်းလက်စ်ကားကလည်း ရှေ့ကကားကို ပြန်တိုက်တာမှာ ကား ၅ စီး နဲ့ ဆိုင်ကယ် တစီး ဆင့်ကဲတိုက်မိတယ်လို့ ဆိုပါတယ်။
အဆိုပါအကွေ့မှာ ယာဉ်တိုက်မှုမကြာခဏဖြစ်ပွါးပြီး လူသေဆုံးတာကြောင့် ဒေသခံတွေက “ အလောင်း ၁၀၀ ကွေ့ ” လို့ တင်စားခေါ်ဝေါ်ကြကာ အခုဩဂုတ်လ ၁၅ ရက်အတွင်းမှာ ယာဉ်တိုက်မှု ၃ ကြိမ်ဖြစ်ပွါးပြီး သေဆုံးသူ ၄ ယောက်နဲ့ ဒဏ်ရာရသူ ၂၃ ယောက် ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ က ဖြစ်ပွါးခဲ့တဲ့ ယာဉ် ၅ စီး ဆင့်ကဲတိုက်မှုမှာ ၃ ယောက်သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရသွားတယ်ခဲ့ကာ မြန်မာနိုင်ငံသားအများစု ဖြစ်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Source : Kanchanaburi News