Home
နိုင်ငံတကာ
မက္ကဆီကိုတွင် ရထားနှင့် ဘတ်စ်ကား တိုက်မိ၊ လူ ၁၀ ဦးသေပြီး ၆၀ ကျော် ဒဏ်ရာရ
DVB
·
September 9, 2025
Photo: Ten people killed, 61 hurt after Mexican train hits double-decker bus | Reuters

မက္ကဆီကိုစီးတီး အနောက်မြောက်ဘက်မှာ ကုန်တင်ရထားတစီးဟာ နှစ်ထပ်ဘတ်စ်ကားကို တိုက်မိခဲ့ရာမှာ အနည်းဆုံး လူ ၁၀ ယောက် သေဆုံးပြီး ၆၁ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအာဏာပိုင်တွေက စက်တင်ဘာ ၈ ရက်မှာ ပြောပါတယ်။ 

မြို့တော် မက္ကဆီကိုစီးတီးရဲ့ အနောက်မြောက်ဘက် ၁၁၅ ကီလိုမီတာ (၇၁ မိုင်) အကွာ၊ အက်တလာ ကိုမုလ်ကိုမြို့နဲ့ အနီးနားရှိ မီချွာကန် ပြည်နယ်ရှိ မာရာဗာ့တ်ယို တို့အကြား အဝေးပြေးလမ်းမကြီးပေါ်ရှိ စက်မှုဇုန်တခုမှာ ဖြစ်ပွားခဲ့တာလို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ 

ရထားအော်ပရေတာရဲ့ ပြောကြားချက်အရ ကုန်တင်ရထားဟာ ခရီးသည်တင် ၂ ထပ် ဘတ်စ်ကားကို ဝင်တိုက်ခဲ့တာဖြစ်ပြီး  ၂ ထပ် ဘတ်စ်ကားဟာ ခုတ်မောင်းနေတဲ့ ရထားရဲ့အရှေ့ကနေ လမ်းဖြတ်ကူး ကျော်တက်ဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။  

ဘတ်စ်ကားရဲ့ အပေါ်ထပ် ကုန်းပတ်ရဲ့ အရှေ့ပိုင်းမှာ ကျိုးကျေနေပြီး သူ့ရဲ့သတ္တုဘောင်ဟာ ဆိုးဆိုးရွားရွား ကွဲထွက်သွားတာကို အခင်းဖြစ်ပွားရာနေရာမှ ဓာတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။  

ဘတ်စ်ကားမှ အလောင်းတွေကိုဖယ်ရှားဖို့ ရဲတပ်ဖွဲ့၊ မီးသတ်သမားတွေနဲ့ စစ်တပ်တို့ကို မက္ကဆီကိုပြည်နယ်ဆီ စေလွှတ်ထားပါတယ်။

အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသား ၃ ယောက် သေဆုံးခဲ့ကြောင်း မက္ကဆီကိုပြည်နယ် ရှေ့နေချုပ်ရုံးကနေ သိရပါတယ်။ ဒဏ်ရာရသူတွေထဲက တချို့မှာ ပြင်းထန်တဲ့ အခြေအနေမှာ ရှိနေကြပြီး တချို့ကိုတော့ ဆေးရုံမှ အမြန် ပြန်ဆင်းခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ကိန်းဂဏန်း အတိအကျတော့ မဖော်ပြထားပါဘူး။ 

မက္ကဆီကို မီးရထားလိုင်းကတော့ သေဆုံးသူတွေရဲ့ မိသားစုတွေကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ရထားမောင်းသူတွေကိုလည်း ရထားလမ်းဆုံတွေရှိ လမ်းအမှတ်အသားတွေနဲ့ ရပ်တန့်ဖို့ အမိန့်တွေကို လေးစားလိုက်နာပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 

အယ်ရာဒူးရား ဒယ်ပလာတာ ဘတ်စ်ကား ကုမ္ပဏီကလည်း သေဆုံးသူတွေရဲ့ မိသားစုတွေဆီ ဝမ်းနည်းကြောင်း ပေးပို့ခဲ့ပြီး စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်လို့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024