Home
နိုင်ငံတကာ
မက္ကဆီကို အထက်လွှတ်တော်တွင် ထိုးကြိတ်မှုဖြစ်ပွား
DVB
·
August 28, 2025
Photo: MEXICAN CONGRESS TV

မက္ကဆီကို အထက်လွှတ်တော်မှာ ဩဂုတ် ၂၇ ရက်က ထိုးကြိတ်မှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အစည်းအဝေး ပြီးဆုံးချိန်မှာ အတိုက်အခံပါတီခေါင်းဆောင်က လွှတ်တော်ဥက္ကဋ္ဌကို ဆွဲခေါ်သွားကာ တွန်းလိုက်ပြီး အော်ဟစ်ခဲ့ပါတယ်။

အဲဒီနေ့ရဲ့ ကြားနာမှု ပြီးဆုံးခြင်း အထိမ်းအမှတ်အဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံတော်သီချင်း သီဆိုနေချိန်မှာ အတိုက်အခံဘက်က အဖွဲ့အစည်းဆိုင်ရာ တော်လှန်ရေးပါတီ (PRI) ရဲ့ အကြီးအကဲ အာလက်ဟန်းဒရိုး အာလိတို မိုရေနိုဟာ လက်ရှိအာဏာရ မိုရီနာပါတီက အထက်လွှတ်တော်ဥက္ကဋ္ဌ ဂျရတ်ဒို ဖာနန်ဒက်ဇ် နိုရိုနာ ဆီကို လာရောက်ခဲ့တာပါ။

မက္ကဆီကိုမှာ တခြားနိုင်ငံတွေက လက်နက်ကိုင်တပ်ဖွဲ့တွေ ထားရှိတာနဲ့ပတ်သက်ပြီး အကြိတ်အနယ် စကားစစ်ထိုးပွဲ အပြီးမှာ ခုလို ထိုးကြိတ်တိုက်ခိုက်မှု ဖြစ်ခဲ့ကြောင်း အထက်လွှတ်တော်ဥက္ကဋ္ဌ ဖာနန်ဒက်ဇ် နိုရိုနာက နောက်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မက္ကဆီကို ကွန်ဂရက်က ဗီဒီယိုထဲမှာ မိုရေနိုဟာ ဖာနန်ဒက်ဇ် နိုရိုနာဆီ တက်လာပြီး ဖာနန်ဒက်ဇ် နိုရိုနာရဲ့ လက်ကို ဖမ်းဆွဲခဲ့တာပါ။

နောက်ဆုံးတော့ ၂ ယောက်သားဟာ တယောက်နဲ့တယောက် တွန်းထိုးခဲ့ကြပြီး သတင်းရိုက်ကူးရင်း သူတို့နားရောက်လာတဲ့ ဓာတ်ပုံဆရာတယောက်ကို တွန်းချခဲ့ပါတယ်။

အထက်လွှတ်တော်ဥက္ကဋ္ဌ ဖာနန်ဒက်ဇ် နိုရိုနာက သြဂုတ် ၂၉ ရက်မှာ အရေးပေါ်အစည်းအဝေး ခေါ်ယူမှာဖြစ်ပြီး အတိုက်အခံပါတီခေါင်းဆောင် မိုရေနိုနဲ့ တခြား PRI လွှတ်တော်အမတ် ၃ ယောက်ကို ထုတ်ပယ်သွားဖို့ အဆိုပြုမယ်လို့ ပြောကြားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013