
ကမ္ဘာ့အကြီးဆုံး ဆင်းဒွစ်ချ်မုန့်ကြီးကို ဩဂုတ် ၁၃ ရက်က မက္ကဆီကိုနိုင်ငံမြို့တော် မက္ကဆီကို စီးတီးမှာ ပြုလုပ်တဲ့ အကြိမ် ၂၀ မြောက် တော်တာပွဲတော်မှာ ပြုလုပ် စံချိန်တင်ခဲ့ကြပါတယ်။
တော်တာဆိုတာ မက္ကဆီကို ဆင်းဒွစ်ချ်မုန့်ကို ခေါ်ဝေါ်တဲ့အမည် ဖြစ်ပါတယ်။ မီတာ ၉၀ ရှည်ပြီး အလေးချိန် တတန်ကျော်လေးတဲ့ ကမ္ဘာ့အကြီးဆုံး တော်တာ ဆင်းဒွစ်ချ်ကြီးကို ဖန်တီးဖို့ ပြည်တွင်း၊ ပြည်ပက ဆိုင် ၉၀ ကျော် ပါဝင်ခဲ့ပါတယ်။
ဒီပွဲတော်မှာ ပြုလုပ်ခဲ့တဲ့ ဧရာမ တော်တာတွေ အားလုံးပေါင်းရင် ၁,၁၅၃ မီတာတောင် ရှည်တယ်လို့ ဆိုပါတယ်။
၅ ရက်ကြာပွဲတော်မှာ အင်းဆက်ပိုးမွှားတွေနဲ့ လုပ်တဲ့ ဆင်းဒွစ်ချ်ကနေ တောဝက်သားနဲ့လုပ်တဲ့ ဆင်းဒွစ်ချ်အထိ ထူးထူးဆန်းဆန်း အစာသွပ်ထားတာတွေပါ စားသောက်နိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အနုပညာရှင် ၅၀ ကျော်ရဲ့ ဖျော်ဖြေမှုတွေကိုပါ ရှုစားနိုင်မှာ ဖြစ်ပါတယ်။
Source: Reuters