Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
ဘန်ကောက်တွင် ရေကြီးရေလျှံ၊ ထိုင်းတွင် နောက် ၁၀ ရက်အတွင်း မိုးဆက်ရွာသွန်းနိုင်
DVB
·
November 3, 2025
Photo: Thai PBS News

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ နိုဝင်ဘာ ၂ ရက် မနေ့ ညပိုင်းက အခါမဲ့ မိုးရုတ်တရက်ရွာသွန်းပြီး လမ်းမကြီးတချို့မှာ ရေကြီးနေကာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။    

မနေ့ ည ၈ နာရီလောက်ကစ ၁၀ နာရီကျော်ထိ မိုးသည်းထန်ကာ ရန်းဆစ်၊ ကျဲန့်ဝပ်ထန၊ ရာ့ချ်ဒါး လတ်ဖရောဝ့်စတဲ့ နယ်မြေတွင်းရှိ အဓိကလမ်းမတွေမှာ ရေတွေ ဝင်ရောက်လာပြီး တချို့နေရာတွေမှာ ကားငယ်နဲ့ ဆိုင်ကယ်တွေ ဆက်သွားလို့မရအောင်ဖြစ်ပြီး တချို့ယာဉ်တွေက ရေထဲမှာတင် စက်ရပ်သွားတာနဲ့ နာရီအတော်ကြာယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။ 

အားပြင်းတဲ့ မုတ်သုံလေဟာ ထိုင်းနိုင်ငံအလယ်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ တောင်ပိုင်း ဒေသတွေကို ဖြတ်ကျော်ရွေ့လျားနေသလို  ဗီယက်နမ်အလယ်ပိုင်း ကမ်းရိုးတန်းက  လေဖိအားနည်း ရပ်ဝန်းတခုလည်း ဝင်ရောက်နေပါတယ်။ 

တချိန်တည်းမှာပဲ လေဖိအားနည်းရပ်ဝန်းနဲ့  အအေးဓာတ်ဟာ ထိုင်းအထက်ပိုင်းဒေသကို ဖုံးလွှမ်းနေတယ်လို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကာလ်မေကီ လို့ခေါ်တဲ့ အပူပိုင်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီး အဲဒီနောက်  တောင်တရုတ်ပင်လယ်ထဲ  ဆက်ဝင်မယ်လို့ ခန့်မှန်းရတယ်၊ အဲဒီအချိန်မှာလည်း ထိုင်းနိုင်ငံ တချို့ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းဖွယ်ရှိတယ်လို့  ဆိုပါတယ်။

နိုဝင်ဘာ ၃ ရက်အတွင်း မိုးသည်းထန်နိုင်တဲ့ ခရိုင်တွေကတော့  ထိုင်းမြောက်ပိုင်း တာ့ခ်၊ ကမ်ဖိုင်ဖစ်၊ နခွန်းဆဝမ် ထိုင်းအလယ်ပိုင်း  ဥထိုင်းဌာနီ၊ ချိုင်းယနတ်၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ ဆုဖန်းပူရီ၊ နခွန်းပထုန်နဲ့ ဖစ်ချ်ပူရီ စတဲ့ခရိုင်တွေ ဖြစ်ပါတယ်။ 

ဒါ့အပြင် ထိုင်းမြောက်ပိုင်းရဲ့ အထက်ဘက်ဒေသ၊ အရှေ့မြောက်ပိုင်းရဲ့ အထက်ဘက်ဒေသတွေမှာ မနက်ပိုင်း အအေးဓာတ်တွေ ပိုလာနိုင်တာကြောင့် ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ကျန်းမာရေးကိုဂရုစိုက်ဖို့၊  မိုးရွာရင် ရေကြီးလေ့ရှိတဲ့အရပ်တွေမှာ ခရီးသွားလာခြင်းသတိပြုဖို့၊ အနိမ့်ပိုင်းဒေသတွေမှာ ရုတ်တရက် ရေကြီးရေလျှံ သတိထားဖို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ 

ကပ္ပလီပင်လယ်ရဲ့ အထက်ပိုင်းမှာ လှိုင်းအသင့်အတင့်ရှိမယ်၊ လှိုင်းအမြင့်  ၁ မီတာမှ ၂ မီတာထိ မြင့်တက်နိုင်ပြီး မိုးသားကျူးတဲ့အချိန် ၂ မီတာအထိ မြင့်မယ်၊ ထိုင်းပင်လယ်အော်နဲ့ ပင်လယ်အနီး နေထိုင်သူတွေ ရေလမ်းခရီး သတိထားဖို့၊ မိုးသားကျူးချိန် လှေတွေကမ်းကနေ မခွာဖို့  သတိပေးထားပါတယ်။

နိုဝင်ဘာ ၂ ရက်မှ ၁၆ ရက်အတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းရဲ့ အထက်ဘက်ဒေသ၊ ဘန်ကောက်နဲ့အနီးတဝိုက် ခရိုင်တွေမှာ မိုးတွေ ဆက်ရွာနိုင်ခြေရှိတယ်၊ နိုဝင်ဘာ ၅ ရက် လွိုင်းကထုန်း တန်ဆောင်တိုင်ပွဲတော်ရက်မှာ မိုးတိမ်ထူထပ်တာ၊ မိုးအုံ့တာနဲ့ တချို့ဒေသ မိုးရွာသွန်းနိုင်တယ်လို့  TNN Earth သတင်းမှာလည်း ခန့်မှန်း ထုတ်ပြန်ထားပါတယ်။ 

ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်နေတဲ့ ကာလ်မေကီမုန်တိုင်းရဲ့ ရွေ့လျားမှုတွေ သတိထား စောင့်ကြည့်နေပြီး တောင်တရုတ်ပင်လယ်ပြင်ဘက်ကို ရောက်လာရင် ထိုင်းနိုင်ငံပေါ် သက်ရောက်မှု ရှိနိုင်တာကြောင့် မိုးလဝသဌာနအနေနဲ့ သတိပေးချက် ထပ်မံထုတ်ပြန်မယ်လို့ ဆိုပါတယ်။ 

Source: TNN Earth / Khaosod / Amarin TV

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013