
ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ်မှာ ရှိတဲ့ ဆုန်ခလာ၊ နရာသီဝပ်၊ ပတ်တနီ၊ ယာလာ စတဲ့ ခရိုင် ၄ ခုမှာရှိတဲ့ ရာဘာခြံ၊ ဒူးရင်းခြံစတဲ့ ခြံလုပ်သားတွေဟာ ပကန်စံခွန်းလို့ ခေါ်တဲ့ ထိုင်းအစိုးရရဲ့ ကျန်းမာရေး လူမှုဖူလုံရေးစနစ် မရှိတာကြောင့် ကျန်းမာရေး ပြဿနာ ကြုံတဲ့အခါ ဆေးကုသမှု ကုန်ကျစရိတ် အခက်အခဲတွေ ရှိနေပါတယ်။
ရာဘာခြံလုပ်သားတွေဟာ မိုးရာသီကုန်မှသာ ရာဘာခြစ်တဲ့အလုပ် ရှိတာကြောင့် မိုးရာသီကာလတွေမှာဆိုရင် ပုံမှန်ဝင်ငွေ မရှိဘဲ တခြား ကြုံရာအလုပ်တွေ ဝင်ရောက် လုပ်ကိုင်ရသလို၊ ကျန်းမာရေးကိစ္စတွေ ကြုံလာရင်လည်း လူမှုဖူလုံရေး မရှိတာတွေကြောင့် ကုန်ကျစရိတ်က အခြားအလုပ်သမားတွေထက် ပိုကုန်ကျတယ်လို့ ဆိုပါတယ်။
ရာဘာခြံလုပ်သားတွေဟာ တခြားစက်ရုံအလုပ်ရုံ အလုပ်သမားတွေလို ကျန်းမာရေးအတွက် ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဆေးကုသခွင့် ပကန်စံခွန် (လူမှုဖူလုံရေ) စနစ်ကို ရရှိလိုကြပြီး၊ အလုပ်သမား အဖွဲ့တွေရဲ့ ထိထိရောက်ရောက် ကူညီပေးဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။
ရာဘာခြံလုပ်သားကိုကျော်က “ကျနော်တို့ ရာဘာခြံသမားတွေက ပကန်စံခွန် (လူမှုဖူလုံရေး) မှ လုပ်လို့ မရတာ။ ပကန်လုပ်လို့ မရတော့ ကျန်းမာရေး ဖြစ်တယ်ဆိုတော့လည်း စက်ရုံအလုပ်တွေကျတော့ ကျန်းမာရေး ဆေးခန်းတွေ ရှိတယ်။ ပကန်စခွန်လည်း ပါတော့ ကျန်းမာရေးအတွက် မပူရဘူး။ အဆိုးဆုံးကတော့ ရာဘာခြံ အလုပ်သမားက အဆိုးဆုံးပေါ့။ ကိုယ့်ပိုက်ဆံရှိရင် ကိုယ်သွား၊ တကယ်လို့ ဘတ် မရှိဘူးဆိုရင်လည်း ဆရာဝန်ဆီသွားတဲ့အခါ ၁၀၀ လောက်ကုန်မယ့်အစား ၅၀၀ လောက် ကုန်တာပေါ့။ အခု ရာသီဥတုတွေ ပြောင်းလဲတော့ ကျန်းမာရေးတွေ ဖြစ်တဲ့အခါ ပကန်မရှိ၊ ဘတ်မရှိတဲ့အခါကျတော့ ဆေးရုံဆေးခန်းမှာ ဒုက္ခရောက်တာပေါ့။ ပိုက်ဆံလည်း ပိုကုန်တာပေါ့။ ဒီလို ရာဘာခြံလုပ်သားကို ကူညီပေးမယ့် အဖွဲ့အစည်း ပေါ်ပေါက်လာမယ်။ တဖက်တလမ်းကနေ ကူညီပေးမယ့်အဖွဲ့ ရှိလာမယ်ဆိုရင် ကျနော်တို့ ရာဘာခြံသမားတွေလည်း စက်ရုံသမားတွေလို အခွင့်အရေးရတယ်ဆိုရင် နည်းနည်း အသက်ရှုပေါက်လေး ရတာပေါ့”လို့ ပြောပါတယ်။
ထိုင်းတောင်ပိုင်းက ခရိုင် ၄ ခုမှာ မြန်မာလုပ်သား ၂ သိန်းခွဲနဲ့ ၃ သိန်းကြားမှာရှိပြီး၊ အများစုက ပင်လယ်စာ ငါးသေတ္တာစက်ရုံ၊ လှေလုပ်သား၊ ရာဘာခြံ၊ နွားခြံ၊ အထည်ချုပ်စက်ရုံ၊ ဆောက်လုပ်ရေး၊ ခြံတောင်ယာ စတဲ့ အထွေထွေ လုပ်သားတွေအဖြစ် လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။
ခြံလုပ်သားအပါအဝင် အထွေထွေလုပ်သားတွေဟာ လုပ်ငန်းခွင်အတွင်း မတော်တဆမှုတွေ ထိခိုက် ကြုံတဲ့အခါ ထိုင်းအလုပ်သမား ဥပဒေပါအတိုင်း လျော်ကြေး ရရှိမှုက အချိန်ကြန့်ကြာတာတွေ ရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “ရာဘာခြံ၊ ဆီအုန်းခြံ၊ ဒူးရင်းခြံနဲ့ တခြား ခြံလုပ်ငန်းလုပ်သားတွေ၊ ပင်လယ်စာ အစားအစာထုတ်လုပ်တဲ့ လုပ်သားတွေ၊ သစ်စက် အထည်ချုပ်စက်ရုံက လုပ်သားတွေ၊ အဲဒီလုပ်သားတွေရဲ့ လုပ်ငန်းခွင် ဒဏ်ရာရ အခြေအနေတွေနဲ့ နစ်နာကြေးရရှိမှု အခြေအနေတွေက ကြန့်ကြာမှု ရှိတယ်။ ထိုင်းဥပဒေပါ အခွင့်အရေးတွေကို မြန်မြန်ဆန်ဆန် ရရှိနိုင်ခြင်း မရှိသေးဘူး။ မလိုလားအပ်ဘဲ ကြန့်ကြာနေပြီး တခြားအလုပ်ကို ထပ်မလုပ်နိုင်ဘဲ ဒုက္ခိတ ဘဝ၊ မသန်စွမ်းဘဝ ရောက်နေတာတွေ ရှိတယ်။ အဲ့တော့ ဒီလိုပဲ ကိုယ့်အချင်းချင်းပဲ ဆံပင်လေး ညှပ်လိုက်၊ အတိုအစလေးတွေရောင်းလိုက်နဲ့ ဆက်လက် အသက်မွေးဝမ်းကျောင်းနေရတယ်။ အထွေထွေလုပ်သားတွေနဲ့ ပတ်သက်တဲ့ ထိုင်းဥပဒေ မူဘောင်အတိုင်း ရရှိအောင် ကျနော်တို့ အပတ်တကုပ် အားထုတ်သွားဖို့လိုတယ်။ ကျနော်တို့ အားထုတ်သလိုပဲ ကာကယံရှင် အလုပ်သမားတွေကလည်း လုပ်ငန်းခွင် မတော်တဆမှုတွေ ဖြစ်လာရင် ကိုယ့်အခွင့်အရေးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကြပါ”လို့ ပြောပါတယ်။
ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်မှာ သစ်စက်၊ ငါးသေတ္တာလုပ်ငန်း၊ ပုစွန်စက်ရုံ၊ ရာဘာခြံ၊ စက်ရုံ အလုပ်ရုံ စတဲ့ အလုပ်တွေကို အဓိက လုပ်ကိုင်ကြပြီး ပတ်တနီမှာတော့ ပင်လယ်အစားအစာ ထုတ်လုပ်ရေးနဲ့ လှေလုပ်သား အလုပ်တွေ ပိုများတယ်လို့ သိရပါတယ်။
မလေးရှားနယ်စပ်၊ ဆုန်ခလာ၊ ပတ်တနီ၊ နရာသီဝပ်နဲ့ ယာလာ ခရိုင်တို့ဟာ အန္တရာယ်ရှိတဲ့ နယ်မြေတွေလို့ ထိုင်းအစိုးရ၊ ထိုင်းလုံခြုံရေးကောင်စီက သတ်မှတ်ထားပြီး အဲဒီ ခရိုင် ၄ ခုမှာ လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနဲ့ချီ ရှိနေပါတယ်။
ဇွဲသစ်


