
ဗီယက်နမ် အလယ်ပိုင်းဒေသတလျှောက် ရက်ပေါင်းများစွာ မိုးသည်းထန်လို့ လူအသေအပျောက် ရှိခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးခဲ့ပြီးတဲ့နောက် ရေပြန်ကျလာပါပြီ။
ဒါကြောင့် ဗီယက်နမ်နိုင်ငံရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ယူနက်စကိုစာရင်းဝင် ရှေးဟောင်းမြို့ ဟွိုင်အန်က ဒေသခံတွေဟာ နိုဝင်ဘာ ၁ ရက်မှာ ရှင်းလင်းရေးလုပ်ငန်းတွေ စလုပ်ခဲ့ကြပါတယ်။
ရေကြီးရေလျှံတာတွေကြောင့် ဟွိုင်အန်ရဲ့ မီးအိမ်တွေ ထွန်းထားတဲ့ လမ်းတွေနဲ့ ရာစုနှစ်များစွာ သက်တမ်းရှိတဲ့ သစ်သားအိမ်တွေ ရေလွှမ်းမိုးခဲ့တာဖြစ်ပြီး အရင်က ဒီလောက်ကြီးတဲ့ ရေကြီးမှုကို တခါမှ မကြုံဖူးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရေကျလာတာနဲ့အမျှ ဆိုင်ပိုင်ရှင်တွေနဲ့ ဒေသခံတွေဟာ ဆိုင်မျက်နှာစာတွေက ရွှံ့ထူတွေကို ရှင်းခဲ့ပြီး၊ ပရိဘောဂတွေကို ပြုပြင်ခဲ့ပါတယ်။
ခရီးသွားတွေကို ပြန်ကြိုဆိုနိုင်ဖို့ မကြာမီ လုပ်ငန်းပြန်ဖွင့်နိုင်ရေး မျှော်လင့်ချက်နဲ့ လျှပ်စစ်ဓာတ်အား ပြန်ရအောင် လုပ်ဆောင်ခဲ့ကြပါတယ်။
ရေကြီးရေလျှံလို့ အရာအားလုံး မျောပါသွားပြီး သိသာထင်ရှားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ အသက် ၄၀ အရွယ် စားသောက်ဆိုင်ပိုင်ရှင် ဒန်ကွတ်ဒတ်က ပြောပါတယ်။
ခုသီတင်းပတ်အတွင်း မိုးသည်းလို့ အလယ်ပိုင်းဒေသမှာ လူ ၂၉ ယောက်ထက်မနည်း သေဆုံးပြီး ၅ ယောက် ပျောက်ဆုံးခဲ့တယ်လို့ ဗီယက်နမ်ရဲ့ ဘေးအန္တရာယ်အေဂျင်စီက ဆိုပါတယ်။
ဗီယက်နမ်အလယ်ပိုင်းမှာ မိုးဆက်သည်းထန်နိုင်ပြီး တချို့နေရာတွေမှာ မိုးရေချိန် ၇၀၀ မီလီမီတာကျော်ထိ မိုးရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြစ်ရေမြင့်တက်လို့ ရေကြီးရေလျှံတာတွေ ပြန်ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
Source: Reuters




