
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၅ နှစ်တာကာလအတွင်း ခရီးသွားလုပ်ငန်း ၅၀ ရာခိုင်နှုန်းသာ လည်ပတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
ပြည်တွင်းမှာ နယ်မြေဒေသ လုံခြုံမှုမရှိတာကြောင့် ပြည်တွင်းခရီးသွားအပြင် ပြည်ပခရီးသွားတွေပါ သွားရောက်လည်ပတ်မှု မရှိဘူးလို့ သိရပါတယ်။
ပြည်တွင်းခရီးသွား အများစုကလည်း ပွဲတော်ကာလရက်မှာသာ လည်ပတ်လေ့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတယောက်က “ကိုဗစ်ကာလ မတိုင်ခင်နဲ့ နှိုင်းယှဉ်ရင်တော့ ဒီ ၅ နှစ်အတွင်းမှာ တဝက်လောက်ပဲ ရောက်သေးတယ်။ အရင်အခြေအနေတွေကို ပြန်မရောက်သေးဘူး။ ပြည်ပကနေ အဝင်ကျတော့ နည်းသေးတာပေါ့။ ထင်သလောက် တိုးတက်မှုမရှိဘူး။ လာတယ်ဆိုရုံလောက်ပဲရှိတာ။ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အခက်အခဲတွေ ရှိနေတော့ ခရီးသွားလုပ်ငန်းက မတိုးတက်လာဘူး” လို့ ပြောပါတယ်။
ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် အများစုဟာ ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ တောင်ကြီး-အင်းလေး-ကလောနဲ့ ကျိုက်ထီးရိုးဘုရားကို အများဆုံး သွားရောက်ကြတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်အတွင်းမှာ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု ၄ ဒသမ ၅ သန်းခန့်ရှိပြီး ၂၀၂၄ ခုနှစ်မှာတော့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု ၁ ဒသမ ၀၆ သန်းကျော်သာ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အနေနဲ့ စစ်တပ်ကကျင်းပတဲ့ တရားမဝင် ရွေးကောက်ပွဲ အလွန်ကာလမှာ တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။




