Home
နိုင်ငံတကာ
ဂျပန်ကာတွန်းစာအုပ်ထဲက သဘာဝဘေးအန္တရာယ် ခန့်မှန်းချက် ခရီးသွားလုပ်ငန်းကို ထိခိုက်
DVB
·
July 4, 2025
Photo :Reuters

ဂျပန် ရုပ်ပြစာအုပ်တအုပ်ထဲမှာပါတဲ့ ခန့်မှန်းချက်ကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကောလာဟလတွေက ဂျပန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အရှိန်အဟုန်ကို သိသိသာသာ ကျဆင်းသွားစေပြီး လေကြောင်းလိုင်းတချို့ဟာ ခရီးသည်အရေအတွက် ကျဆင်းမှုကြောင့် ဟောင်ကောင်ကနေ ဂျပန်ကိုလာတဲ့ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။

ဂျပန်နိုင်ငံဟာ အခုနှစ်မှာ စံချိန်တင် လာရောက်လည်ပတ်မှု များပြားခဲ့ပြီး ဧပြီလမှာ လာလည်သူ ခရီးသည်ဦးရေ ၃ ဒသမ ၉ သန်းအထိ မြင့်တက်ခဲ့တာပါ။

ဒါပေမဲ့ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေတဲ့ ဟောင်ကောင်ကနေ လာလည်သူဟာ ဧပြီနဲ့ မေလတွေမှာ နည်းနည်းလျော့ကျခဲ့ပြီး နောက်ဆုံးအချက်အလက်တွေအရ တနှစ်ထက်တနှစ် ၁၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

စရိတ်နည်း လေကြောင်းလိုင်းဖြစ်တဲ့ Greater Bay လေကြောင်းလိုင်းဟာ ဝယ်လိုအား နည်းပါးမှုကြောင့် ဂျပန်နိုင်ငံ အနောက်ပိုင်းက တိုခုရှီးမားဆီ ပျံသန်းမယ့် ခရီးစဉ်ကို အကန့်အသတ်မရှိ ဆိုင်းငံ့ထားမယ်လို့ ဇူလိုင် ၂ ရက်မှာ ပြောခဲ့ပါတယ်။

ဟောင်ကောင်အခြေစိုက် ခရီးသွားအေဂျင်စီ EGL Tours ရဲ့ အမှုဆောင်ဒါရိုက်တာ စတိဗ်ဟွမ်က ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ဂျပန်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထိခိုက်စေမယ့် ငလျင်နဲ့ ဆူနာမီအိပ်မက်ကို ပုံဖော်ထားတဲ့ ရုပ်ပြကာတွန်းစာအုပ်နဲ့ ဆက်စပ်နေတဲ့ ခန့်မှန်းချက်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ အုံးအုံးထနေတယ်လို့ ပြောပါတယ်။

“ကောလာဟလတွေမှာ သိသာထင်ရှားတဲ့ သက်ရောက်မှုတွေရှိတယ်” လို့ ဟွမ်က ရိုက်တာ သတင်းဌာနကို ပြောခဲ့ပြီး သူ့ကုမ္ပဏီဟာ ဂျပန်နဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်း ထက်ဝက်လောက် လျော့ကျသွားတာကို မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ လျှော့စျေးတွေနဲ့ ငလျင်အာမခံတွေကို မိတ်ဆက်ပေးခဲ့လို့ ဂျပန်ကိုသွားမယ့် ခရီးသည် အရေအတွက် သုညအထိ ကျဆင်းမသွားအောင် တားဆီးနိုင်ခဲ့တယ်လို့ ဟွမ်က ပြောပါတယ်။

၁၉၇၁ ခုနှစ်ကတည်းက ငလျင်ဗေဒကို လေ့လာခဲ့တဲ့ တိုကျိုတက္ကသိုလ်က ပါမောက္ခ ရောဘတ် ဂယ်လာကလည်း သိပ္ပံနည်းကျ အခြေခံပြီး ငလျင်ကို ခန့်မှန်းဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ကျွန်ုပ်မြင်သော အနာဂတ်လို့ နာမည်ပေးထားတဲ့ ရုပ်ပြကာတွန်း စာအုပ်ကို ဖန်တီးသူ အနုပညာရှင် ရီယို တာ့တ္စုခိဟာ သူ့စာအုပ်ကို ၁၉၉၉ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ပြန်ထုတ်ဝေခဲ့ပါတယ်။

သူဟာ အနာဂတ်ကို ဟောပြောသူ မဟုတ်ဘူးလို့ ထုတ်ဝေသူက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောရင်း ထင်ကြေးပေးမှုတွေကို လျှော့ချဖို့ ကြိုးစားပါတယ်။

သူက ငြင်းဆိုထားပေမဲ့ ဇူလိုင် ၅ ရက်မှာ ကပ်ဆိုးကြီးဖြစ်မယ်လို့ ခန့်မှန်းထားတာလို့ တချို့က ထင်မြင်ကြပါတယ်။ သူ့စာအုပ်ပါ ဟောကိန်းတချို့ အရင်က မှန်ဖူးတယ်လို့လည်း ဆိုကြပါတယ်။

ပစိဖိတ်သမုဒ္ဒရာရဲ့ မီးကွင်းကြီးလို့ ခေါ်တဲ့ ကမ္ဘာ့ကျောက်လွှာထုကြီးတွေ စုဆုံတဲ့နေရာမှာရှိတဲ့ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်လှုပ်ခတ်မှုအများဆုံး နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

ဟောင်ကောင်မှာနေတဲ့ အသက် ၂၈ နှစ်အရွယ် ဘရန်ဒန် ချွိုင်က သူဟာ ဂျပန်ကို ခဏခဏသွားသူ ဖြစ်ပေမဲ့ ကာတွန်းခန့်မှန်းချက်ကြောင့် ဇူလိုင်နဲ့ သြဂုတ်လအတွင်း ဂျပန်ကိုသွားလည်ဖို့ ချီတုံချတုံ ဖြစ်နေတယ်၊ ဖြစ်နိုင်ရင် ခရီးစဉ်ကို ရွှေ့ဆိုင်းပြီး စက်တင်ဘာလောက်မှာ သွားရမှာပါလို့ ပြောပါတယ်။

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့က အသက် ၄၂ နှစ်အရွယ် ခရီးသွား ဒါဝီယောင်ကတော့ ငလျင်လှုပ်တာကို ဘယ်သူမှ ခန့်မှန်းလို့ မရပါဘူးလို့ ပြောပါတယ်။

ကောလာဟလ သက်သက်ကြောင့်မို့လို့ လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းမှာ မဟုတ်ပါဘူးလို့ သူက ဆိုပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013