
ထိုင်းအရှေ့မြောက်ပိုင်း၊ နခွန်းရာ့ချ်ဆီမားခရိုင်၊ ပါက်ချောင့်မြို့နယ်ထဲမှာ မြန်မာလုပ်သား ညီအစ်ကို ၂ ယောက်နဲ့ ထိုင်းတယောက်တို့ အကြွေးကိစ္စနဲ့ စကားများရာက ထိုင်းလူမျိုး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ချန်နယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၃၁ ရက်က ပါက်ချောင့်မြို့နယ်၊ ဝမ်းဆိုင်းအုပ်စု၊ ဖူးထိုင်းရပ်ကွက်ထဲမှာ အကြွေးတောင်းရာက စကားများ ရန်ဖြစ်ပြီး ဓားထိုးမှု ဖြစ်ပွားခဲ့တယ်၊ အသက် ၂၇ နှစ်အရွယ် နိုင်းနာ့သ်ဖုန်းဆိုသူ ထိုင်းအလုပ်သမားဟာ မြန်မာဆောက်လုပ်ရေးလုပ်သား ဇော်နဲ့ လင်း ညီအစ်ကို ၂ ယောက်ဆီကနေ ငွေမကြာခဏချေးငှားပြီး ပြန်ပေးလေ့မရှိဘူး၊ တကြိမ်ကို အနည်းဆုံး ဘတ် ၃၀ ချေးပြီး ပေးစရာရှိတာ စုစုပေါင်း ဘတ် ၅၀၀ လောက်ရှိတယ်၊ အဲဒီနေ့ကလည်း လုပ်ငန်းခွင်မှာ နောက်ထပ် ငွေလာချေးပြန်တော့ အဟောင်းပြန်မဆပ်ရင် အသစ်လာမချေးနဲ့၊ ဒီလောက် ငွေလေးတောင် ပြန်ဆပ်နိုင်တဲ့အစွမ်း မရှိဘူးလားလို့ ပြောပြီး အဆောင်ကို ပြန်လာခဲ့တယ်လို့ ဇော်က သတင်းထောက်တွေကို ပြောပါတယ်။
အဆောင်ရောက်တော့ ရေမိုးချိုးပြီး ပြန်ထွက်အလာ နိုင်းနာ့သ်ဖုန်းက သံတုတ်နဲ့ရောက်လာပြီး သူ့ညီ လင်းရဲ့ ခေါင်းကို နှစ်ချက်ရိုက်တယ်၊ သူလည်း မိမိကိုယ် ကာကွယ်တဲ့အနေနဲ့ မီးဖိုချောင်ထဲက ဓားယူပြီး ပြန်ထိုးလိုက်တယ်၊ အဲဒီနောက် ညီအစ်ကိုနှစ်ယောက်လုံး အသိလင်မယားနှစ်ယောက်ကို ကားနဲ့ အဝေးပြေးဂိတ် ပို့ခိုင်းပြီး ဘန်ကောက် တိမ်းရှောင်လာတာလို့ ဆိုပါတယ်။
နောင်ဆာလိုင်ရဲစခန်း တာဝန်ရှိသူတွေက သူတို့ ၂ ယောက်ကို လိုက်လံစုံစမ်းရှာဖွေတယ်၊ နိုဝင်ဘာ ၂ ရက်နေ့မှာတော့ ဘန်ကောက် တနေရာမှာ သူတို့ညီအစ်ကိုကို ဖမ်းဆီးရမိပြီး အခင်းဖြစ်တဲ့နေရာ ပြန်ခေါ်ဆောင်ကာ ကျူးလွန်ခဲ့တာတွေကို ပြန်လည် သရုပ်ပြခိုင်းခဲ့ပါတယ်။
သူတို့ညီအစ်ကိုကလည်း ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံတယ်၊ သူတို့ညီအစ်ကိုဟာ ထိုင်းမှာ ရောက်တာ အနှစ် ၂၀ ကျော်ပေမဲ့ အလုပ်သမားကတ် အထောက်အထား မရှိတာကြောင့် လူသတ်မှုအပြင် လဝကမှုနဲ့ပါ အရေးယူခံရမယ်လို့ ရဲစခန်းတာဝန်ရှိသူက သတင်းထောက်ကို ပြောသွားပါတယ်။
သူတို့ ၂ ယောက်ကို ဆောက်လုပ်ရေးအလုပ်မှာ ငှားရမ်းခန့်ထားတဲ့ အလုပ်ရှင်သူဌေးလည်း အထောက်အထား မရှိသူကို အလုပ်ငှားရမ်းမှုနဲ့ အရေးယူခံရမှာဖြစ်ပြီး သူတို့ ၂ ယောက် ထွက်ပြေးနိုင်အောင် ကားနဲ့လိုက်ပို့ခဲ့ကြတဲ့ လင်မယား ၂ ယောက်ပါ တရားခံရဲ့ ပြစ်မှုတွေကို ကူညီဖုံးကွယ်ပေးမှုတွေနဲ့ အရေးယူသွားမယ်လို့ ရဲစခန်းက ပြောသွားပါတယ်။
Source: CH7 TV News




