
ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်း ကာလ်မေဂီကြောင့် သေဆုံးသူဦးရေ အယောက် ၄၀ အထိ မြင့်တက်လာတယ်လို့ နိုဝင်ဘာ ၄ ရက်မှာ အရာရှိတွေက ပြောပါတယ်။
အားကောင်းတဲ့ မုန်တိုင်းကြောင့် အလယ်ပိုင်းဒေသတလျှောက် မိုးသည်းပြီး ရေကြီးရေလျှံခဲ့တာပါ။ အိမ်တွေကို ရေလွှမ်းမိုးခဲ့ပြီး ထောင်ပေါင်းများစွာသောလူတွေ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရပါတယ်။
ဒေသအလိုက် တီနိုလို့ နာမည်ပေးထားတဲ့ ကာလ်မေဂီမုန်တိုင်းဟာ အင်္ဂါနေ့အစောပိုင်းမှာ ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ပြီးတဲ့နောက် အားပျော့သွားပေမဲ့ တနာရီ လေတိုက်နှုန်း ၁၃၀ ကီလိုမီတာနဲ့ လေပြင်းတိုက်ခတ်မှု ၁၈၀ ကီလိုမီတာတို့နဲ့ နိုင်ငံတဝန်း ဆက်လက် တိုက်ခတ်ခဲ့ပါတယ်။
မြောက်ပိုင်း ပလာဝမ်နဲ့ တောင်တရုတ်ပင်လယ်ဆီ မုန်တိုင်းက ဦးတည်ခဲ့ပါတယ်။ သေဆုံးသူ ဦးရေဟာလည်း အင်္ဂါနေ့နှောင်းပိုင်းမှာ အယောက် ၄၀ အထိ မြင့်တက်လာခဲ့ပြီး တယောက်ကလွဲလို့ ကျန်သူအားလုံးဟာ အလယ်ပိုင်း စီဘူးပြည်နယ်က ဖြစ်တယ်လို့ ပြည်နယ်သတင်း အချက်အလက်အရာရှိ အိန်းဂျယ်လစ်ဇ် အိုရွန်က ပြောပါတယ်။
အနားက ဘိုဟိုကျွန်းမှာ လူတယောက် သေဆုံးတယ်လို့ ဘေးအန္တရာယ်အေဂျင်စီက သတင်းပို့ထားပါတယ်။
အင်္ဂါနေ့နှောင်းပိုင်းက စီဘူးမြို့မှာ ရေကြီးမှုတွေ လျော့ပါးသွားပေမဲ့ နေရာအတော်များများမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေဆဲဖြစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုတွေလည်း ပြတ်တောက်နေတယ်လို့ စီဘူးမြို့က ရိုက်တာသတင်းထောက်တယောက်က ပြောပါတယ်။
Source: Reuters


