Home
နိုင်ငံတကာ
အွန်လိုင်းလောင်းကစားကြော်ငြာဂယက်နှင့် မယ်စကြဝဠာပြိုင်ပွဲက ငိုရှိုက်သံများ
DVB
·
November 6, 2025
Photo: MGROnline

ထိုင်းနိုင်ငံမှာကျင်းပမယ့် ၇၄ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲမှာ အလှမယ်တချို့နဲ့ ပွဲစီစဉ်သူ‌အကြား ပြဿနာဖြစ်ခဲ့ပေမဲ့ ပွဲကို ပြီးမြောက်တဲ့အထိ ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။ 

၇၄ ကြိမ်မြောက် မယ်စကြဝဠာ ကမ္ဘ့ာအလှမယ်ပြိုင်ပွဲကြီးမှာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်တာကြောင့် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက အလှမယ်တွေဟာ ထိုင်းနိုင်ငံ ဘန်‌ကောက်မှာ ရောက်ရှိနေကြတာပါ။

ဒီပြိုင်ပွဲကြီးကို မက္ကဆီကိုနိုင်ငံမှ မယ်စကြဝဠာအဖွဲ့အစည်း (MUO)နဲ့ ထိုင်းနိုင်ငံမှ Miss Grand International ကုမ္ပဏီတို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

နောက်ဆုံးအဆင့် ပြိုင်ပွဲကြီး မရောက်ခင် အလှမယ်တွေဟာ ကနဦးပွဲစဉ်တွေအတွက်  ပြင်ဆင်နေစဉ်မှာဘဲ မထင်မှတ်တဲ့ ပြဿနာအဖုအထစ်တွေ ဝင်ရောက်လာပါတယ်။

နိုဝင်ဘာ ၃ ရက်က ကမ္ဘာ့အလှမယ်တွေဟာ သူတို့တည်းခိုတဲ့ ဟိုတယ်ခန်းမမှာ ကာစီနို အွန်လိုင်းလောင်းကစားခြင်းကြော်ငြာ ရိုက်ကူးခဲ့ကြတယ်၊ အဲဒီလုပ်ရပ်ဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေ ချိုးဖောက်ရာရောက်ပြီး နိုင်ငံရဲ့ပုံရိပ်နဲ့ သိက္ခာကျဆင်းစေတာကြောင့် ရဲတွေက သွား‌ရောက် စစ်ဆေး သတိပေး ဟန့်တားခဲ့ပါတယ်။

ထိုင်းနိုင်ငံဘက်က အလှမယ်ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ မစ္စတာ နဝပ် အီစလာကလိုင်းဆင် ကလည်း ရောက်လာပြီး ဒီလုပ်ရပ်ဟာ ထိုင်းဥပ‌ဒေနဲ့ မညီညွတ်ကြောင်း၊ ပြိုင်ပွဲမကျင်းပမီ ကတည်းက သေချာရှင်းပြထားပါလျက် မလိုက်နာတဲ့အပြင် သူ့ကိုပါ ဆွဲထည့်တဲ့အပေါ် မကျေနပ်ကြောင်း ရဲတွေကို ပြောပြီး လိုက်ဖ်လွှင့်ခဲ့ပါတယ်။

အဆိုပါ လောင်းကစားကြော်ငြာမှုတွေကို ထိုင်းနိုင်ငံကသာ ခွင့်မပြုပေမဲ့ နိုင်ငံအချို့မှာတော့ ဥပ‌‌ဒေအရ ခွင့်ပြုထားတယ်၊ အဆိုပါကြော်ငြာရိုက်ကူးရေးမှာတော့ ကမ္ဘာ့အလှမယ် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် စပွန်ဆာကြီးကြီးပေးထားတဲ့ မက္ကဆီကို လုပ်ငန်းရှင် ဖြစ်နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မက္ကဆီကိုမှ MUO ဥက္ကဋ္ဌ ရာအူးရိုချာကန်တူနဲ့ ထိုင်းက MU တာဝန်ခံ မစ္စတာ နဝပ်တို့ကြား အဖုအထစ်ဖြစ်သွားတယ်၊ နိုဝင်ဘာ ၄ ရက်မှာ နဝပ်က အလှမယ်အားလုံးကို ခေါ်ပြီး စလွယ်တွေပေးအပ်ကာ အခြေအနေတွေ ရှင်းပြတယ်၊ ဒါပေမဲ့ သူ့ရဲ့ ပြောဆို ပြုမူမှုတွေဟာ အလှမယ်တွေက သူ့စကား နားမထောင်လို့ ခေါ်ယူသတိပေးတဲ့ပုံစံလို ဖြစ်နေတယ်၊ ဒီပြိုင်ပွဲမှာ ကောင်းစွာပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အလှမယ်တွေရှိတယ်၊ မက္ကဆီကို အလှမယ်ကိုပါ ထည့်ပြောတယ်၊ မက္ကဆီကို အလှမယ်က မတ်တတ်ရပ်ပြီး ဖြေရှင်းဖို့ ကြိုးစားပေမဲ့ သူက ပေးမပြောဘဲ သူပြောသလိုပဲ လုပ်ရမယ်ဆိုတဲ့ အချိုးချိုးတယ်၊ Dumb Head (အသိဉာဏ်ခေါင်းပါးသူ- ငတုံးမ) လို့ သုံးနှုန်းပြောဆိုတယ်၊ မက္ကဆီကို အလှမယ် ငိုယိုပြီး အခန်းထဲက ထွက်သွားတယ်၊ တခြားသူတွေ လိုက်ထွက်ဖို့ ပြင်တော့ ဘယ်သူမှ အခန်းထဲက မထွက်ရ၊ ထွက်သွားရင် ကျန်တဲ့သူတွေပဲ ပြိုင်ပွဲဝင်ရမယ်၊ လုံခြုံရေးအစောင့်ပါ ခေါ်လိုက်ပြီး တံခါးကို ပိတ်ခိုင်းလိုက်ပါတယ်။

ဒီလုပ်ရပ်တွေအပေါ်မှာ အလှမယ်တွေ မကျေမချမ်းဖြစ်ကြတယ်၊ မက္ကဆီကို အလှမယ်ကလည်း သူတို့ဟာ နိုင်ငံကို ကိုယ်စားပြုလာကြသူတွေ ဖြစ်တယ်၊ သူ့အနေနဲ့ ထိုင်းနိုင်ငံကို ချစ်တယ်၊ ထိုင်းပြည်သူတွေကို လေးစားတယ်၊ ဒါပေမဲ့ အခုလို အပြောအဆိုခံရတာဟာ အလှမယ်တွေရဲ့ ဂုဏ်သိက္ခာကို ထိပါးစော်ကားတယ်၊ ဒီလိုအဖြစ်မျိုး တခါမှမကြုံဖူးဘူးလို့ အခန်းပြင်ဘက်မှာ လိုက်ဖ်လွှင့် ပြောဆိုပါတယ်။

ဒီနှစ်ပြိုင်ပွဲကို အားပေးကူညီဖို့ ရောက်လာတဲ့ ၂၀၂၄ မယ်စကြဝဠာ ဒိန်းမတ်သူ ဗစ်တိုးရီးယားခီရာသီလ်ဗစ် ကလည်း နဝပ်ရဲ့လုပ်ရပ်ဟာ မသင့်လျော်ကြောင်း၊ ဒါဟာ အမျိုးသမီးတွေရဲ့ စွမ်းအားကို မြှင့်တင်ဖို့ဖြစ်တယ်၊ ဒါဟာ ညီအစ်မတွေဖြစ်ကြောင်း ပြသတယ်၊ ထာဝရအလှမယ်တွေလို့ သူ့ရဲ့ အိုင်ဂျီ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။

မယ်စကြဝဠာအဖွဲ့အစည်း (MUO) ကလည်း နဝပ်ရဲ့ လုပ်ဆောင်ချက်ဟာ နိုင်ငံတကာ အလှမယ်တွေရဲ့ သိက္ခာကို ထိပါးတယ်၊ ဒီပြိုင်ပွဲကြီးမှာ နဝပ်ရဲ့ တာဝန်ဝတ္တရားနဲ့ လုပ်ပိုင်ခွင့်တွေ လျှော့ချဖို့၊ သူနဲ့အတူတွဲလုပ်ဖို့ အလုပ်အမှုဆောင်တယောက် စေလွှတ်မယ့်အကြောင်း၊ ပြိုင်ပွဲမှာ MUO အနေနဲ့ ကိုယ်ရေးအင်တာဗျူး၊ အမျိုးသားဝတ်စုံ၊ ရေကူးဝတ်စုံနဲ့ ညနေခင်းဝတ်စုံ အကဲဖြတ်ရာမှာ ၄ ပုံ ၁ ပုံ ပါဝင်မယ်လို့ ထုတ်ပြန်ပါတယ်။ ဒီထုတ်ပြန်ချက်ကို နဝပ်က မကျေနပ်ဘဲ အလှမယ်တွေနဲ့ ပြောဆိုခဲ့တဲ့အပေါ် သူ့ဘက်က မှားကြောင်း သတင်းစာရှင်းပွဲမှာ ငိုယိုပြောကြားခဲ့သလို အလှမယ်တွေရှေ့မှာပါ ဝမ်းနည်းကြောင်း၊ တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ်။

မက္ကဆီကို အလှမယ်ကို ပြောဆိုခဲ့တဲ့စကားလုံးမှာ အမှန်စင်စစ် Dumb Head (ငတုံးမ) မဟုတ်ဘဲ Damage (နစ်နာမယ်) လို့ ပြောဆိုခဲ့ခြင်းသာဖြစ်တယ်၊ အသံထွက် ဆင်တူယိုးမှားကို အဓိပ္ပာယ်ကောက် လွဲကြတယ်၊ သူဟာ အခုရက်ပိုင်းတွင်း ဖိစီးမှုတွေများနေတယ်၊ ဒီပြိုင်ပွဲအတွက် ဘတ်သန်းပေါင်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့တယ်၊ လှေပေါ်က ညစာစားပွဲမှာ အလှမယ်တွေက ဆိုင်ရှင်နဲ့ ဓာတ်ပုံအရိုက်မခံဘူး၊ ပူးပေါင်းပါဝင်မှုမရှိဘူး၊ ရှေ့ဆက်ပြီးတော့ ပြိုင်ပွဲကို ချောမွေ့စွာကျင်းပဖို့ MUO ဘက်က CEO နဲ့ ဆွေးနွေးပြောဆိုပြီးပြီ၊ ကျနော့ဘက်ကလည်း တောင်းပန်စရာရှိတာ တောင်းပန်ပြီးပြီ၊ ကျနော်လည်း လူသားတယောက်ပဲလေ၊ စိတ်ဆိုးတတ်တယ်၊ နာကျင်တတ်တယ်၊ စိတ်ဓာတ်ကျတတ်တယ်၊ ကျနော်ဟာ အကြောင်းမဲ့ ထိုးနှက်ခံရတယ်၊ တောင်းပန်ဖို့လည်း အလိမ်ခံရတယ်၊ တညလုံး အိပ်မ‌ပျော်ဘူး၊ မနက်ကျတော့ တခါထိုးနှက်ခံရပြန်တယ်၊ ကျနော့်ကို ရေးခိုင်းတဲ့အတိုင်း ရေးပေးခဲ့တယ်၊ သူတို့ဘက်က အလှမယ်ကို တရားဝင် တောင်းပန်ခိုင်းမယ်ဆိုပြီး ဘာမှလည်း လာမလုပ်ဘူးလို့ ပြောပါတယ်။

ဘယ်လိုဖြစ်ဖြစ် ပြိုင်ပွဲဆက်လုပ်သွားမယ်၊ ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေကို ငဲ့ညှာပြီး မယ်စကြဝဠာပြိုင်ပွဲ ပြီးမြောက်အောင် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြဖို့ နဝပ် ဘက်က မေတ္တာရပ်ခံပါတယ်။

နဝပ်ရဲ့လုပ်ဆောင်ချက်က မှန်ကန်ပေမဲ့ ပြောဆိုဆက်ဆံမှုတွေ မမှန်ကန်တာကြောင့် ဒီလိုဖြစ်ရတာလို့ ထိုင်းပရိသတ်တချို့က ဝေဖန်နေကြပါတယ်။

နိုင်ငံပေါင်း ၁၃၀ က အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်မယ့် ထိုင်းက Miss Universe 2025 အလှမယ်ပြိုင်ပွဲကို ဒီ နိုဝင်ဘာ ၂၁ ရက်မှာ ဆက်လက်ကျင်းပဖို့ ရှိနေပါတယ်။

Source: MGROnline / CH3 Thai News / Naewna

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013