Home
မြန်မာသတင်း
မြန်မာဘက်တွင် အလှူလုပ်ပြီးပြန်လာသည့် ထိုင်းရွာသူကြီးနှင့် မြန်မာ ၄၀ ခန့် ဖမ်းဆီးခံရ 
DVB
·
November 4, 2025
Photo:CharmingChumphon

ထိုင်းတောင်ပိုင်း၊ ချွန်းဖွန်းခရိုင်၊ ထာ့ဆဲ့မြို့နယ်ထဲမှာ မြန်မာဘက်ခြမ်းကိုသွားရောက်ပြီး တန်ဆောင်တိုင် ကထိန်ခင်းအလှူလုပ်ခဲ့တဲ့ ထိုင်းရွာသူကြီး၊ သူကြီးတပည့်နဲ့  အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား  ၃၈ ယောက် ဖမ်းဆီးခံရတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနယ်ခြားစောင့်တပ် အမှတ်  ၄၁၄ နဲ့ တာဝန်ရှိသူတွေဟာ နိုဝင်ဘာ ၂ ရက် မနက်က  ထာ့ဆဲ့မြို့နယ်၊ လပ်လောအုပ်စု၊ ဘန့်ဟင်ဒတ်ရွာအနီး လမ်းပေါ်မှာ စစ်ဆေးရေးဂိတ်ချပြီး ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးချိန် နယ်စပ်ဘက်က ဝင်ရောက်လာတဲ့ ဟိုင်းလပ်စ်ကား ၂ စီးကိုပါ တားဆီးစစ်ဆေးခဲ့ပါတယ်။

သူကြီးတပည့် နိုင်းမိန်ဖိတ် မောင်းနှင်လာတဲ့ အဖြူရောင်ဟိုင်းလပ်စ်ကားထဲမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား  အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၆ ယောက်နဲ့ ကလေး ၁၄ ယောက် စုစုပေါင်း   ၂၁ ယောက်ကို ခရီးသွားအထုပ်အပိုးတွေနဲ့ပါ တွေ့ရှိတယ်၊ ဒါ့အပြင် ကားနောက်ကနေ ခြေလျင်လျှောက်လာတဲ့ အထောက်အထားမဲ့ မြန်မာအမျိုးသား ၉ ယောက် အမျိုးသမီး ၈ ယောက် ပေါင်း ၁၇ ယောက် တွေ့ရှိတယ်၊ အဲဒီနေရာအနီးကနေ တရားမဝင် မြန်မာစုစုပေါင်း ၃၈ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ကလိုက်လာတဲ့ ဟိုင်းလပ်စ်ကားမှာတော့ ကားမောင်းသူမှာ အဲဒီနယ်ထဲမှာ ဩဇာအာဏာရှိတဲ့ တိုက်နယ်သူကြီး နိုင်းဆွန်ထွဏ်း ဖြစ်တယ်၊ သူကြီး မောင်းတဲ့ကားပေါ်မှာတော့ ထိုင်းနိုင်ငံသား ၈ ယောက် လိုက်ပါလာတယ်။  တာဝန်ကျစစ်ကြောင်းမှူးက စစ်ဆေးမေးမြန်းရာမှာ သူကြီးက သူတို့ဟာ အောက်တိုဘာ ၃၁ ရက်က  မြန်မာဘက်ခြမ်းရှိ မီးလောင်သွားတဲ့ ဘုန်းကြီးကျောင်းတကျောင်းကို သွားရောက်ကူညီပြီး ကထိန်ခင်းခဲ့တယ်၊ သူ့တပည့် တင်လာတဲ့ သူတွေ အထောက်အထား ရှိ၊ မရှိ မသိရကြောင်း၊ သူနဲ့လည်း ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ 

ဒါပေမဲ့  စစ်ဆေးရေးဘက်ကတော့ သူကြီးဟာ တရားမဝင်လမ်းကြောင်းကနေ မြန်မာဘက်ခြမ်းကို အဝင်အထွက် လုပ်တယ်၊ အတူဝင်လာတဲ့ မြန်မာတွေနဲ့လည်း ပတ်သက်မှုရှိတယ်လို့ ပြောတာကြောင့်  စစ်ကြောင်းမှူးနဲ့ သူကြီးတို့  အချေအတင်စကားများကြတယ်၊ သူကြီးက စစ်ကြောင်းမှူးကို သူ အုပ်ချုပ်တဲ့နယ်မြေမှာလာပြီး ဩဇာအာဏာပြတယ်လို့ ဆိုကာ ကြမ်းတမ်းစွာ ဆဲဆိုကြတဲ့အထိ ဖြစ်သွားပါတယ်။ 

စစ်ဆေးရေးဂိတ်တာဝန်ရှိသူတွေကတော့ သူကြီးရဲ့တပည့်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ အထောက်အထားမဲ့သူတွေကို နိုင်ငံအချုပ်အခြာတွင်း သယ်ဆောင်လာပြီး သူတို့ အဖမ်းမခံရအောင် အကာအကွယ်ပေးမှုတွေနဲ့  အရေးယူမယ်လို့ ဆိုပါတယ်။

သူကြီးကိုတော့ အသရေဖျက်မှု၊ ဝတ္တရားနှောင့်ယှက်မှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး အလုပ်သမားတွေ ဖမ်းမိတဲ့ကိစ္စ ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိကို ဆက်လက်စစ်ဆေးသွားမယ်လို့ပြောကြောင်း ချန်နယ်လ် ၇ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source: CH7 TV News   

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013