
ထိုင်းမြောက်ပိုင်း၊ နခွန်းဆဝမ်မြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၂၇ ယောက်ဟာ ထိုင်းယာဉ်မောင်းတယောက်နဲ့အတူ ဖမ်းဆီးခံရကြောင်း ဘန်ကောက် အက်ဖ်အမ် ၉၁ သတင်းအရ သိရပါတယ်။
မနေ့ အောက်တိုဘာ ၃၀ မနက်စောစောက အမှတ် ၁ ခရိုင်ရဲတပ်ဖွဲ့နဲ့ အဝေးပြေးလမ်း ရဲတပ်ဖွဲ့ဝင်တွေဟာ နခွန်းဆဝမ်ခရိုင်၊ နခွန်းဆဝမ်မြို့ ဖဟွန်ယိုးထင်းလမ်းမကြီးပေါ် တာဝန်ထမ်းဆောင်စဉ် ဟိုင်းလပ်စ်ကားတစီး မောင်းဝင်လာပါတယ်။
အဆိုပါကားမှာ တန်ချိန်ပိုတင်ဆောင်လာဟန်ရှိပြီး ကားမှန်ကိုလည်း အနက်ရောင်ဖလင်ပြား တပ်ထားကာ အရှိန်နဲ့ ဖြတ်မောင်းသွားတာကြောင့် တာဝန်ရှိသူတွေက မသင်္ကာတာနဲ့ နောက်က လိုက်သွားတယ်၊ ကီလိုတိုင်အမှတ် ၃၅၃ အရောက်မှာ မီလာပြီး စစ်ဆေးဖို့အတွက် ရပ်မိန့်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းမှာ အသက် ၃၁ နှစ်အရွယ် ထိုင်းလူမျိုးဖြစ်ပြီး ကားထဲမှာတော့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို နှစ်ထပ်လုပ်ပြီး တင်ဆောင်လာတယ်၊ အဲဒီထဲမှာ တရုတ်နိုင်ငံသား ၉ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၈ ယောက်၊ စုစုပေါင်း ၂၇ ယောက် လိုက်ပါလာပြီး သူတို့ကို တာ့ခ်ခရိုင်ကနေ အယုဒ္ဓယကို ပို့ဆောင်ပေးဖို့ ပွဲစားက တယောက် ဘတ် ၁၀,၀၀၀ နှုန်းနဲ့ ဆက်သွယ်တာကြောင့် တင်ဆောင်လာခဲ့တယ်လို့ ယာဉ်မောင်းက ဝန်ခံပါတယ်။
တရားမဝင်သူတွေကတော့ မြန်မာနိုင်ငံဘက်ကနေ မဲဆောက်မြို့နယ်ထဲကို တောလမ်းကနေ ဝင်ရောက်လာတာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို လဝကဥပဒေနဲ့ အရေးယူဖို့ နခွန်းဆဝမ်နယ်မြေ ရဲတပ်ဖွဲ့ဆီ ခေါ်ဆောင်သွားပါတယ်။
ဒီမတိုင်ခင် အောက်တိုဘာ ၂၉ ရက်ကလည်း ကန်ကျနပူရီခရိုင်၊ ကန်ကျနပူရီမြို့နယ်ထဲမှာ တရားမဝင် မြန်မာ ၁၂ ယောက်၊ ယာဉ်မောင်း (လမ်းပြ) မြန်မာတယောက်နဲ့အတူ ဖမ်းဆီးခံခဲ့ရပါသေးတယ်။
တာဝန်ရှိသူတွေဟာ ကန်ကျနပူရီမြို့၊ တာမခန်ရပ်ကွက်အပိုင်း လမ်းမကြီးပေါ်မှာ တာဝန်ထမ်းဆောင်စဉ် ငွေရောင် ဟွန်ဒါစလွန်း ကားတစီးကို သင်္ကာမကင်းလို့ စစ်ဆေးရာက အထောက်အထားမဲ့သူတွေ တွေ့ရှိတာ ဖြစ်ပါတယ်။
ယာဉ်မောင်းဟာ သူတို့ကို ရာ့ချ်ပူရီမြို့နယ်၊ ဘန့်ပုံရပ်ကွက်ထိ ပို့ပေးဖို့အတွက် တယောက် ဘတ် ၂,၀၀၀ နှုန်းနဲ့ တင်ဆောင်လာတယ်၊ လွန်ခဲ့တဲ့ ၅ ရက်နေ့ကလည်း တရားမဝင်သူ ၇ ယောက် သယ်ဆောင်ပေးခဲ့တယ်လို့ ဖွင့်ဟ ဝန်ခံသွားပါတယ်။
Source: FM91BKK




