တရုတ်အစိုးရရဲ့ စွက်ဖက်မှုတွေကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ နိုင်ငံတွေနဲ့ ဒေသတွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုတွေ ဖော်ဆောင်နေပါတယ်။
ဒေသစံတော်ချိန်၊ အောက်တိုဘာ ၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ပြုလုပ်တဲ့ အမေရိကန်ရောက် တိဘက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ဆန္ဒပြပွဲကို မြန်မာ့အရေး ဆောင်ရွက်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်သူ တယောက်က “စစ်ကောင်စီဘက်က ရပ်တည်နေတာကို ရပ်တန်းကရပ်ဖို့၊ စစ်ကောင်စီ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဖို့၊ စစ်ဘေးသင့် မြန်မာပြည်သူတွေကို ထောက်ထားဖို့ စတဲ့အချက်တွေကို တရုတ်အစိုးရက အလေးထားစေချင်တဲ့အတွက် အခုလို ပူးပေါင်းပါဝင်တာပါ" လို့ ပြောပါတယ်။
ဆန္ဒပြပွဲမှာ တရုတ်အစိုးရရဲ့ စွက်ဖက်အနိုင်ကျင့်မှုနဲ့ ကြုံတွေ့နေရတဲ့ တိဘက်၊ အရှေ့တာ့ခ်စတန်၊ ဟောင်ကောင်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မွန်ဂိုလီးယား၊ မြန်မာ၊ ကန်တိုးနီးယားဒေသတွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းခဲ့ကြတာတွေ့ရပါတယ်။
လတ်တလောမှာ စစ်ကောင်စီရွေးကောက်ပွဲကိုဆန့်ကျင်ရေးနဲ့ တရုတ်အစိုးရရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း နိုင်ငံတကာရောက်မြန်မာတွေက Global Meeting တွေခေါ်ယူပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးကနေ ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်ဖို့စီစဉ်နေကြပါတယ်။