Home
နိုင်ငံတကာ
အိန္ဒိယတွင် ဆန္ဒပြမှုအတွင်း အကြမ်းဖက်မှုဖြစ်ပြီး လူ ၄ ဦး သေဆုံး
DVB
·
September 26, 2025
Photo: ANI

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဖက်ဒရယ်နယ်မြေဖြစ်တဲ့ ဟိမဝန္တာဒေသက လာဒါ့ခ်နယ်မြေမှာ လူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ လတ်တလော အကြမ်းဖက်မှုတွေကြောင့် လဲရ်မြို့တော်ရဲ့ လမ်းတွေပေါ်မှာ ရဲအရာရှိတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေဟာ စက်တင်ဘာ ၂၅ ရက်မှာ ကင်းလှည့်ခဲ့ကြပြီး ဒေသခံတွေကလည်း အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။

အဓိကမြို့ကြီး လဲရ်မြို့တော်ရှိ လမ်းတွေမှာလည်း ပိတ်ထားတဲ့ ဈေးဆိုင်တွေ၊ ညမထွက်ရ အမိန့်ကြောင့် လူသူကင်းမဲ့နေတဲ့ လမ်းတွေနဲ့ ပြတင်းပေါက်တွေ ကွဲအက်နေတဲ့ မော်တော်ကားတွေ ဒါဇင်နဲ့ချီ ရှိနေပြီး တိတ်ဆိတ်နေပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးနယ်မြေဖြစ်ပြီး ဒုတိယ လူဦးရေအနည်းဆုံးဖြစ်တဲ့ လာဒါ့ခ်နယ်မြေဟာ လက်ရှိမှာ ဖက်ဒရယ်နယ်မြေအဖြစ် ရှိနေတာဖြစ်ပြီး ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့နဲ့ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်ခွဲတမ်းပေးဖို့ တောင်းဆိုရင်း ဆန္ဒပြမှုတွေကနေ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၄ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တာပါ။

လူအုပ်ကြီးက နိုင်ငံရေးပါတီရုံးကို တိုက်ခိုက်ခဲ့ပြီး ရဲကားနဲ့ လဲရ် အမှုဆောင်ကောင်စီဝင်ရုံးခန်းကို မီးရှို့ခဲ့ပြီးနောက်မှာ ရဲတပ်ဖွဲ့ဟာ မဖြစ်မနေ ပစ်ခတ်ခဲ့ရပြီးတော့ အသေအပျောက်ရှိကြောင်း အစီရင်ခံစာတွေ တက်လာခဲ့တယ်လို့ အိန္ဒိယနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာ ၁၀ ရက် ကတည်းက အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ဆိုနမ် ဝမ်ချွတ်ခ်ရဲ့ လှုံ့ဆော်တဲ့ ဟောပြောချက်တွေကနေ ဆန္ဒပြမှုတွေ စတင်ဖြစ်ပွားခဲ့တာလို့လည်း ဆိုပါတယ်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာ မိုဒီရဲ့ အစိုးရဟာ လာဒါခ်နယ်မြေကို ဂျမ်မူးနဲ့ ကက်ရှ်မီးယား ပြည်နယ်ကနေ ခွဲထုတ်လိုက်ပြီး နယူးဒေလီရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ထားရှိခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ တရုတ်နယ်စပ်က ဗုဒ္ဓဘာသာ၊ မွတ်စလင် အသိုင်းအဝိုင်းဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆုံးရှုံးခဲ့ကြပါတယ်။

တက်ကြွလှုပ်ရှားသူ ဆိုနမ် ဝမ်ချွတ်ခ် ဦးဆောင်တဲ့ ဆန္ဒပြသူတွေဟာ သူတို့ရဲ့ လူမျိုးစုနယ်မြေတွေကို ကာကွယ်ဖို့အတွက် ရွေးကောက်ခံ ဒေသခံအဖွဲ့တွေကို ဖွဲ့စည်းတည်ထောင်ခွင့်ပြုမယ့် အထူးအဆင့်အတန်းကို ပေးစေလိုတာပါ။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနဟာ လာဒါ့ခ် ခေါင်းဆောင်တွေနဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဆွေးနွေးလာခဲ့တာဖြစ်ပြီး သူတို့ရဲ့ တောင်းဆိုချက်တွေ ရနိုင်စေဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

နောက်တကြိမ်ဆွေးနွေးဖို့ကို လာမယ့် အောက်တိုဘာ ၆ ရက်မှာ စီစဉ်ထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013