
ရာနဲ့ချီတဲ့ ဌာနေတိုင်းရင်းသားတွေနဲ့ လယ်သမားတွေဟာ စက်တင်ဘာ ၂၂ ရက်က အီကွေဒေါ နိုင်ငံတလွှားက လမ်းမတွေကို ပိတ်ဆို့ကာ အတားအဆီးတွေနဲ့ ပင်စည်သစ်လုံးတွေကို မီးရှို့ပြီး အစိုးရရဲ့ ဒီဇယ်အထောက်အပံ့တွေ ဖြတ်တောက်မှုကို ကန့်ကွက်တဲ့အနေနဲ့ အရေးပေါ်အခြေအနေကို ဖီဆန်ခဲ့ကြပါတယ်။
အီကွေဒေါနိုင်ငံ မြောက်ပိုင်း အိုတာဗာလိုမှာ ဆန္ဒပြပွဲတွေကနေ အကြမ်းဖက်မှုကို ပြောင်းလဲသွားပြီး ဆန္ဒပြသူတွေဟာ ရဲစခန်းတခုရဲ့ အတွင်းပိုင်းနဲ့ အဆောက်အဦ အပြင်ဘက်ရှိ မော်တော်ယာဉ်တွေကို မီးရှို့ခဲ့ကြပါတယ်။
စစ်သားတွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့ဗုံးတွေနဲ့ ပစ်ခတ်နေချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်နေရပါတယ်။
အီကွေဒေါနိုင်ငံရဲ့ အလယ်ပိုင်းမြောက်ဘက်က ပီချင်ချာခရိုင်မှာ မီးလောင်နေတဲ့ အတားအဆီးတွေဟာ လမ်းတွေပေါ်မှာ ရှိနေပြီး စည်ပင်ဝန်ထမ်းတွေက လျှပ်စစ်လွှတွေကို သုံးပြီး လမ်းပိတ်ဆို့နေတဲ့ သစ်လုံးတွေကို ဖြတ်တောက် ရှင်းလင်းခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ အင်အား ထူထူထပ်ထပ် ချပြီး သက်ရောက်မှုရှိတဲ့ ဒေသတွေကို ထိန်းချုပ်ခဲ့ပါတယ်။
ဒီဆန္ဒပြမှုတွေဟာ အကြီးစား သယ်ယူပို့ဆောင်ရေး၊ ခရီးသည်တင်ယာဉ်တွေနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ အသုံးပြုတဲ့ ဒီဇယ်ထောက်ပံ့ကြေး ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကို ဖျက်သိမ်းဖို့ ပြီးခဲ့တဲ့သီတင်းပတ်က အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပွားခဲ့တာပါ။
အဲဒီထောက်ပံ့ကြေးကို ဖယ်ရှားလိုက်ခြင်းကြောင့် ဒီဇယ်တဂါလန်ကို ဒေါ်လာ ၁ ဒသမ ၈၀ မှ ၂ ဒသမ ၈၀ အထိ တိုးမြင့်လာပြီး ဒီအစီအမံကြောင့် လူနေမှုစရိတ် တိုးလာတော့မယ်လို့ အငြင်းအခုံ ဖြစ်နေကြတဲ့ ဆန္ဒပြသူတွေရဲ့ ကန့်ကွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပါတယ်။
သမ္မတ ဒန်နီရယ် နိုဘိုအာဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ပြည်နယ် ၇ ခုမှာ ရက်ပေါင်း ၆၀ အရေးပေါ် အခြေအနေကို ကြေညာခဲ့ပါတယ်။
အရေးပေါ်အမိန့်ဟာ ဘေးဒဏ်သင့်ပြည်နယ်တွေမှာ လွတ်လပ်စွာ စုဝေးခွင့်ကို ရပ်ဆိုင်းထားပြီး ရဲတပ်ဖွဲ့နဲ့ စစ်ဘက်တပ်ဖွဲ့ဝင်တွေကို “နိုင်ငံသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ လူစုလူဝေးတွေကို တားဆီးဖြိုခွင်းဖို့” အခွင့်အာဏာ ပေးထားပါတယ်။
ကန့်သတ်ချက်တွေ ရှိနေပေမဲ့လည်း ဆန္ဒပြသူတွေဟာ စက်တင်ဘာ ၂၂ ရက်မှာ လမ်းပိတ်ဆို့မှုတွေကို ဆက်လုပ်နေဆဲဖြစ်ပြီး အစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာကို စိန်ခေါ်ကာ ပြည်နယ်အများအပြားမှာ လမ်းပန်းဆက်သွယ်ရေးကို အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။
Source: Reuters