
ထိုင်း-မြန်မာနယ်စပ် ကော့သောင်းဘက်ကနေ အထောက်အထားမပါဘဲ ရောက်လာတဲ့ မြန်မာနိင်ငံသား ၄ ယောက်ကို ရနောင်းမြို့ စဖန်ပလားလှေဆိပ်မှာ ဖမ်းဆီးရမိပြီး ရနောင်းလဝက အချုပ်ရုံးကို ပို့ဆောင်လိုက်တယ်လို့ ရနောင်းရေကြောင်းတပ်ဖွဲ့ရုံးကနေ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂၄ ရက် မနက် ၉ နာရီအချိန်ဝန်းကျင်မှာ ရနောင်းမြို့၊ ပန်နားရပ်ကွက်ရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ သတင်းပေးပို့မှုအရ ရနောင်းရေတပ်ရုံးမှ အရာရှိတွေက သွားရောက် စစ်ဆေးခဲ့ကြရာ သင်္ကာမကင်းဖြစ်စရာ မြန်မာအမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး တယောက်တို့အား တွေ့ရှိခဲ့ပြီး တရားဝင်အထောက်အထားမပြနိင်တဲ့အတွက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ကော့သောင်းနယ်စပ်ဂိတ်ကနေ အထောက်အထားမပါဘဲ ရနောင်းဆိပ်ကမ်းကို ကူးလာပါက ရေလယ်က စစ်ဆေးရေးဂိတ်မှာတင် ဖမ်းဆီးခံရနိုင်ပြီး ရနောင်းလှေဆိပ်ကို အထောက်အထားမပါဘဲ ရောက်လာဖို့က မဖြစ်နိုင်ဘူးလို့ ရနောင်းမှာ နေထိုင်တဲ့ မြန်မာနိင်ငံသားတယောက်က ပြောပါတယ်။
"ကော့သောင်းဘက်ကလာတာဆိုရင် လမ်းမှာကတည်းက မိမှာပါ။ ရနောင်းဘက်ကနေပြန်ဖို့ သွားစောင့်နေကြတာ ပိုဖြစ်နိုင်တယ်။ သူတို့သတင်းမှာ လှေဆိပ်ကနေ တက်လာတယ်လို့ ရေးထားလို့သာ ကော့သောင်းဘက်က လာတာလို့ ခန့်မှန်းရတာပါ။ အဲ့ဒီ ရေလယ်က စစ်သားဂိတ်ကို ကျော်ပြီး ဘယ်သူမှဝင်မရဘူး။ ဒါကြောင့် ဖြစ်နိုင်တာက ရနောင်းကနေထွက်တာပဲဖြစ်နိုင်တယ်။"
ကော့သောင်းကနေ ရနောင်းဘက်ကို ရေလမ်းကနေ တရားဝင်နယ်စပ်ဖြတ်ကျော်ပါက ရေလယ်မှာ စစ်ဆေးရေးဂိတ်တခုရှိပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူတွေက အဆိုပါဂိတ်မှာ နယ်စပ်ဖြတ်သန်းခွင့် အထောက်အထားကို ပြရတာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူမြန်မာနိင်ငံသား ၄ ယောက်အား ရနောင်းမြို့ လဝက အချုပ်ထောင်ကို ပို့ဆောင်ခဲ့ပြီးတော့ ဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၂၃ ရက်ကလည်း ရနောင်းမြို့ ပန်နားရပ်ကွက်ရှိ ဂိုဒေါင်တခုမှာ မြန်မာနိင်ငံ၊ မြိတ်မြို့ကို ထွက်ခွာဖို့လုပ်တဲ့ ငါးဖမ်းစက်လှေ တစီးပေါ်မှာ အခွန်မဲ့သယ်ဆောင်ဖို့လုပ်တဲ့ ဆိုင်ကယ် ၅ စီးအား တွေရှိခဲ့ပြီး စက်လှေဦးစီးဖြစ်သူနဲ့ အလုပ်သမား ၆ ယောက်တို့အား တရားမဝင်ပစ္စည်းသယ်ဆောင်မှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။




