
တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသား ၁၅ ယောက်မှာ HIVရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကိုရီးယားကျန်းမာရေးဝန်ကြီးဌာနက လွှတ်တော်ကိုတင်ပြတဲ့စာရင်းမှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း HIV ရောဂါပိုးစစ်ဆေးတွေ့ရှိတဲ့ အခြေအနေနဲ့ပတ်သက်လို့ စက်တင်ဘာ ၂၃ ရက်က လွှတ်တော်ကို တင်သွင်းတဲ့စာရင်းထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါလာတာပါ။
၂၀၂၄ ခုနှစ်အတွင်း နိုင်ငံ ၈ နိုင်ငံက နိုင်ငံခြားသား ၂၆၁ ယောက်ဆီက HIV ရောဂါကို စစ်ဆေး တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား ၁၅ ယောက် ပါဝင်တာလို့ ကိုရီးယားသတင်းတွေမှာ ဖော်ပြပါတယ်။
တောင်ကိုရီးယားရောက် မြန်မာလုပ်သားတယောက်က “ဒီကိုရောက်ပြီးမှ ကူးတာပဲဖြစ်မှာ။ တချို့က ပိုက်ဆံရှိရင်ရှိသလို သောက်စားပျော်ပါးနေတာ။ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်မှအဆင်ပြေမှာ"လို့ ပြောပါတယ်။
HIV ရောဂါပိုးတွေ့ရှိတဲ့ နိုင်ငံခြားသားတွေထဲမှာ ထိုင်းနိုင်ငံသားက ၃၇ ယောက်နဲ့ အများဆုံးဖြစ်ကာ အရှေ့တောင်အာရှနိုင်ငံတွေထဲက ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁၈ ယောက်စီရှိပြီး မြန်မာက အနည်းဆုံး ဖြစ်ပါတယ်။
HIV ရောဂါပိုးတွေ့ရှိတဲ့ နိုင်ငံခြားသား ၆၉ ဒသမ ၇ ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်ကြပြီး အဲဒီထဲက ၆၈ ဒသမ ၆ ရာခိုင်နှုန်းဟာ အသက် ၂၀ မှ ၃၉ အတွင်းရှိသူတွေ ဖြစ်တယ်လို့ လွှတ်တော်ကို တင်သွင်းတဲ့အချက်အလက်တွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၈၀,၀၀၀ နီးပါး လာရောက် အလုပ်လုပ်ကိုင်နေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။