
တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးရဲ့ ဇနီးဖြစ်သူ ဂင်မ်ဂွမ်ဟီးကို လာဘ်ထိုးမှုမှာ ပါဝင်ပတ်သက်နေမှု စွပ်စွဲချက်နဲ့ပတ်သက်ပြီး တောင်ကိုရီးယားရဲ့ ပေါင်းစည်းရေးဘုရားကျောင်း ခေါင်းဆောင်ဟန်ဟက်ဂျာကို အစိုးရရှေ့နေတွေက စက်တင်ဘာ ၁၇ ရက်မှာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ဖြုတ်ချခံ သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးတို့ စုံတွဲကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် စစ်ဆေးမေးမြန်းခဲ့တာဖြစ်ပြီး အထူးအစိုးရရှေ့နေရုံးကို ရောက်ရှိလာတဲ့ ဟန်ဟက်ဂျာဟာ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
“စစ်မှန်တဲ့ အမေ” လို့ သူ့နောက်လိုက်တွေက ခေါ်ဝေါ်ကြတဲ့ ဟန်ဟက်ဂျာဟာ ၂၀၁၂ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ပေါင်းစည်းရေးဘုရားကျောင်းကို တည်ထောင်သူ မွန်းဆန်းမြောင်ရဲ့ ဇနီးလည်း ဖြစ်ပါတယ်။
အထူးအစိုးရရှေ့နေတယောက်ဟာ သမ္မတကတော်ဟောင်း ဂင်မ်ဂွမ်ဟီးကို လာဘ်ပေးလာဘ်ယူမှုနဲ့ တခြားအမှုတွေအတွက် တရားစွဲထားပြီး ဒါဟာ ယွန်းဆွတ်ခ်ယိုး သမ္မတမဖြစ်ခင်နဲ့ သမ္မတသက်တမ်းအတွင်း ဂင်မ်ဂွမ်ဟီး ကျူးလွန်ခဲ့တယ်ဆိုတဲ့ တရားမဝင်လုပ်ရပ်ပေါင်းများစွာကို တိုးချဲ့စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေချိန်လည်း ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးရဲ့ တစိတ်တပိုင်းအနေနဲ့ သမ္မတကတော်ဟောင်း ဂင်မ်ဂွမ်ဟီးကို အကျဉ်းချထားပါတယ်။
Source: Reuters