မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ KK Park ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်တဲ့ အဆောက်အအုံတွေကို ဖောက်ခွဲဖျက်ဆီးနေတာမှာ နိုဝင်ဘာ ၉ ရက်က ထိုင်းနိုင်ငံဘက်ခြမ်း၊ မဲဆောက်မြို့နယ်ရှိ မဲ့ကုကျေးရွာနေ ထိုင်းရွာသားတွေရဲ့ နေအိမ် ၆ လုံး ထိခိုက်မှုရှိခဲ့ပါတယ်။
ကျားဖြန့်အဆောက်အအုံတွေ ဖောက်ခွဲဖျက်ဆီးရာမှာ ထိုင်းနယ်စပ်နဲ့ နီးကပ်နေတဲ့အတွက် ထိုင်းစစ်တပ်က စောင့်ကြည့်နေပြီး ထိုင်းပြည်သူတွေ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့၊ နုလုံးရောဂါသမားတွေအတွက် အဆင်မပြေတဲ့အတွက် ခပ်လှမ်းလှမ်းမှာ ဖောက်ခွဲဖို့နဲ့ ထိုင်းဘက် မထိခိုက်အောင်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က အရင်က သူတို့ကာကွယ်စောင့်ရှောက် ပေးခဲ့တဲ့ ကျားဖြန့်လုပ်ငန်း အဆောက်အအုံတွေကို ဖောက်ခွဲဖျက်ဆီးပြနေတာမှာ အဆောက်အအုံ ၃၃ လုံးလောက် ဖောက်ခွဲပြီးသွားပြီလို့ မြဝတီဒေသခံ သတင်းထောက်က ပြောပါတယ်။







