Home
မြန်မာသတင်း
KK Park အဆောက်အအုံများကို ဆက်လက်ဖျက်ဆီးမည်ဟု စစ်ကောင်စီ ထုတ်ပြန်
DVB
·
November 9, 2025
Photo : MOI

ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နားက KK Park အဆောက်အအုံတွေကို ဆက်လက်ဖျက်ဆီးမှာဖြစ်ပြီး အဲဒီကိုရောက်လာတဲ့ နိုင်ငံခြားသားအများစုဟာ ထိုင်းနိုင်ငံကတဆင့် ဝင်လာတာလို့ စစ်ကောင်စီဩဇာခံ ပြန်ကြားရေးဌာနက နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

မြဝတီ-မဲ့ထော်သလေး နယ်မြေမှာ အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်တာတွေ ကျူးလွန်ခဲ့ကြတဲ့ နိုင်ငံခြားသားတွေကို ဖော်ထုတ်စစ်ဆေးတာမှာလည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်ကနေ နိုဝင်ဘာ ၅ ရက်အထိ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ နိုင်ငံခြားသား စုစုပေါင်း ၁၀,၇၆၂ ယောက်ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး အဲဒီထဲက ၉,၄၀၃ ယောက်ကို ထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေဆီ ပြည်နှင်လွှဲပြောင်းပေးနိုင်ခဲ့​သလို ကျန်တဲ့ ၁,၃၅၉ ယောက်ကိုလည်း လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

KK Park ထဲမှာ တထပ်လူနေအဆောက်အအုံ ၁ လုံး၊ နှစ်ထပ် လူနေအဆောက်အအုံ ၈၀၊ သုံးထပ်လူနေအဆောက်အအုံ ၈ လုံး၊ လေးထပ် လူနေအဆောက်အအုံ ၂၇ လုံး၊ ကိုးထပ် လူနေ အဆောက်အအုံ ၁ လုံး၊ ဈေးဆိုင်နဲ့ လူနေနှစ်ထပ် အဆောက်အအုံ ၄ လုံး၊ ဈေးဆိုင်နဲ့လူနေ လေးထပ်အဆောက်အအုံ ၂ လုံး၊ စားသောက်ဆိုင်နဲ့လူနေ နှစ်ထပ်အဆောက်အအုံ ၁ လုံး၊ ဂိုဒေါင် ၁၂ လုံး၊ ခြောက်ထပ်ဟိုတယ် ၁ လုံး၊ GYM အားကစားခန်းမ ၁ ခု၊ နှစ်ထပ် KTV အဆောက်အအုံ ၁ လုံး၊ နှစ်ထပ် SPA အဆောက်အအုံ ၁ လုံး၊ လေးထပ်ဆေးရုံအဆောက်အအုံ ၁ လုံး၊ နှစ်ထပ် Canteen အဆောက်အအုံ ၂ လုံး၊ နှစ်ထပ် ဈေးဆိုင်အဆောက်အအုံ ၂ လုံး၊ သုံးထပ် လူနေလိုင်းခန်း အဆောက်အအုံ ၃ လုံး၊ စုစုပေါင်း အဆောက်အအုံ ၁၄၈ လုံး ရှိတယ်လို့ ဆိုပါတယ်။

ပြီးတော့ ပန်းခြံတွေ၊ အားကစားရုံတွေ၊ ဖူဆယ်ကွင်းတွေ၊ ပိုက်ကျော်ခြင်းကွင်းတွေနဲ့ ဘတ်စကက်ဘောကွင်းတွေလည်းရှိပြီး အဲဒီအဆောက်အအုံတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ စစ်တပ်ရဲ့ညွှန်ကြားချက်နဲ့ မိုင်းခွဲဖျက်ဆီးနေခဲ့ပါတယ်။

လက်ရှိမှာ အဆောက်အအုံ ၁၀၁ လုံးကို ဖြိုချဖျက်ဆီးပြီး ကျန်တဲ့ ၄၇ လုံးကိုလည်း ဆက်လက်ဖြိုချ ဖျက်ဆီးသွားမယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

ကျားဖြန့်မှာ လုပ်ကိုင်သူတွေဟာ မြန်မာနိုင်ငံထဲကို ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံ တချို့ကနေ နယ်စပ်က တရားမဝင် ဝင်ရောက်လာပြီး နိုင်ငံခြားသား ၉၀ ရာခိုင်နှုန်းကျော်ဟာ ထိုင်းကတဆင့် ဝင်လာတာလို့လည်း ဆိုပါတယ်။

အွန်လိုင်းလိမ်လည်တာနဲ့ လောင်းကစားမှာ ပါဝင်ပတ်သက်သူတွေကို ကရင်ပြည်နယ်မှာသာမက ရှမ်းပြည်နယ် အရှေ့မြောက်ဘက်နဲ့ အရှေ့ဘက်တို့မှာလည်း နယ်မြေစစ်ဆေး ရှင်းလင်းခဲ့သေးတယ်လို့ ဆိုပါတယ်။

KK Park ထဲကို အောက်တိုဘာ ၁၉ ရက်မှာ မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပေမဲ့ ထူးခြားဖြစ်စဉ်မတွေ့ဘဲ Star Link အင်တာနက်သုံးနိုင်တဲ့ စလောင်းအစုံ ၃၀ နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းမိတယ်လို့ပဲ ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၂၃ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က KK Park စီမံကိန်းအတွင်းက အဆောက်အအုံတွေကို စတင်  ဗုံးဖောက်ခွဲ ဖျက်ဆီးခဲ့တာဖြစ်ပြီး ဒါဟာ ဟန်ပြလုပ်ဆောင်နေတာဖြစ်လို့ ကျားဖြန့်တွေ ပျောက်သွားမှာမဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိပ်ပိုင်းခေါင်းဆောင်တယောက်က ပြောပါတယ်။

KNU အမြဲတမ်းဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက “KK Park က ဇော်မဲလုံး (ဗိုလ်ချုပ်ဇော်မင်းထွန်း) ကလည်း အဲဒီလို ပြောထားတယ်ဆိုတော့ အဲဒါကို သူတို့က ဖျက်ဆီးတာတော့ ဟုတ်တယ်။ ဖျက်ဆီးတာက  မတိမ်ကောနိုင်ပါဘူး။ ဒါသက်သက် ရုပ်ပြပါ” လို့ ပြောပါတယ်။

KK Park စီမံကိန်းအတွင်းက အဆောက်အအုံတချို့ကို စစ်ကောင်စီတပ်နဲ့ BGF က ဒရုန်းနဲ့ ဗုံးကြဲပြီး ဗုံးဖောက်ခွဲတဲ့နေရာတွေဟာ လူမရှိတော့တဲ့အတွက် ဟန်ပြလုပ်နေတာလို့ ကျားဖြန့်ကနေ ထွက်ပြေးတိမ်းရှောင်နေသူတယောက်က ပြောပါတယ်။

စစ်ကောင်စီက ကျားဖြန့်နှိမ်နင်းနေတယ်လို့ ပြောနေပေမဲ့ မြန်မာနိုင်ငံ မြေပိုင်နက်ထဲမှာ ထောင်ပေါင်းများစွာသော နိုင်ငံခြားသားတွေ တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းငွေလိမ် လုပ်ငန်းတွေနဲ့ ဒုစရိုက်လုပ်ငန်းတွေမျိုးစုံ ပေါ်ပေါ်တင်တင် ဆောင်ရွက်နေတဲ့ ရာဇတ်ဝတ်သားတွေ အပေါ် စစ်ကောင်စီစစ်တပ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေအရ ဖမ်းဆီးတာ၊ အရေးယူတာ ပြစ်ဒဏ်ချမှတ်တာတွေ လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013