Home
မြန်မာသတင်း
KK Park က လုပ်ငန်းရှင် တရုတ်များ နေရာရွှေ့ပြီး ကျားဖြန့်လုပ်ငန်း ဆက်လုပ်နေ
DVB
·
November 6, 2025

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က KK Park စီမံကိန်းက ရင်းနှီးမြှုပ်နှံတဲ့ တရုတ်တွေနဲ့ အရေးပါတဲ့သူတွေကို ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်ပိုင်းတွေက နေရာရွှေ့ပြောင်း ကာကွယ်ပေးထားပြီး ကျားဖြန့်ငွေ လိမ်လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ BGFနဲ့ နီးစပ်သူတွေက ပြောပါတယ်။

KK Park စီမံကိန်းအတွင်းက ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ အဆောက်အုံတချို့ကို  အောက်တိုဘာ ၂၃ ရက်ကစပြီး စစ်တပ်နဲ့ BGF က ဗုံးဖောက်ခွဲ ဖျက်ဆီးပြနေပေမဲ့ တဖက်မှာတော့ ကျားဖြန့်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်တွေနဲ့ အရေးပါတဲ့သူတွေကို BGF ခေါင်းဆောင်ပိုင်းတွေက နေရာရွှေ့ပြောင်းပြီး ကာကွယ်ပေးထားတာလို့ဆိုပါတယ်။

စစ်ရေးသတင်းရင်းမြစ်က   “နိုင်ငံပေါင်းစုံက လူတွေက မြဝတီမှာ ကျန်နေခဲ့တယ်။ တကယ်တမ်း ကျားဖြန့်လုပ်ဆောင်တဲ့ တရုတ်တွေကျတော့ တယောက်မှ မတွေ့ဘူး။ သူတို့ တခြားနေရာတွေ ရွှေ့ပေးလိုက်ကြတယ်။ လက်ရှိက နိုင်ငံခြားသားအလုပ်သမားတို့ လူကုန်ကူးခံရတာတို့ကျတော့ မြို့မှာ ပြန်ကုန်ကြတယ်။  BGF ခေါင်းဆောင်ပိုင်းတွေရဲ့ မွေးရာဇာတိဖြစ်တဲ့ ရွာတွေကို ရွှေ့သွားတာရှိတယ်။ နောက်ပြီးတော့ ရွှေကုက္ကိုတို့ မြို့ကြီးတွေပေါ့။ သူတို့တည်ထားတဲ့ တခြားမြို့တွေကို ရွှေ့သွားလိုက်တာရှိတယ်”လို့ ပြောပါတယ်။

KK Park ကျားဖြန့်လုပ်ငန်းကနေ  ထွက်ပြေးလာတဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မလေးရှား၊ ကိုရီယားနဲ့ အာဂျင်တီးနား စတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံသားတွေဟာ မြဝတီမြို့ ဘောလုံးကွင်း၊ BGF စခန်း(‌အောင်ဇမ္ဗူလင်းဟိုတယ်)၊ အမှတ် ၂ ကုန်သွယ်ရေးဇုန်မှာ ခိုလှုံနေပါတယ်။

အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းက ဝင်ငွေရလမ်းအကောင်းဆုံးမို့ ရွှေကုက္ကိုနားမှာ ပြန်လည်လုပ်ကိုင်ဖို့ရှိတယ်လို့ BGFနဲ့ နီးစပ်သူက ပြောပါတယ်။   

“ရွှေကုက္ကိုနားမှာ ဆိုက်တခု ဖွင့်ထားတယ်။ အဲဒီဆိုက်နာမည်ကိုတော့ ကျနော်လည်း အတိအကျ မသိသေးဘူး။ အဲဒီဆိုက်ဖွင့်တဲ့နေရာမှာ လုပ်သားလိုအပ်ချက်က များတယ်။ ဒီကလူတွေကို အဲနေရာမှာ ပြန်ခိုင်းကြမယ် တူတယ်။ အဓိကက သူတို့ဝင်ငွေရလမ်း အခွင့်အလမ်းအများဆုံးက ဒီလုပ်ငန်းတခုပဲ ရှိတယ်။”

ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို သောင်းရင်းမြစ်ကမ်းတလျှောက်က ရွှေကုက္ကို၊ မယ်ထော်သလေး၊ အင်ကြင်းမိုင်၊ ဧက ၁၀၀၊  ရွှေပိတောင်မြိုင်၊ ကျောက်ခက်၊ AA ဆိုက် စတဲ့ မြေနေရာတွေမှာ တရုတ် နိုင်ငံသားတွေက ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်နေပါတယ်။

KK Park စီမံကိန်းကနေ ထွက်ပြေးလာသူတွေထဲက အရည်အချင်းရှိသူတွေကို ကျားဖြန့်ငွေလိမ်လုပ်ငန်း ပြန်လည်လုပ်ကိုင်ဖို့ ပြန်ခေါ်ယူနေတာ ဈေးကွက်တခု ဖြစ်နေတယ်လို့  မြဝတီမြို့ခံတွေက ပြောပါတယ်။

မြဝတီမြို့ခံက “ကျားဖြန့်လုပ်ငန်းက တကယ်ပင်မမိန်း (Maine) တွေက နေရာအများကြီးမှာ ရှိတာလေ။ မြို့ပြင်မှာလည်း အများကြီး။ တခြားနေရာတွေမှာလည်း အများကြီး။ ဝါးအစည်းပြေသွားသလို ကွဲသွားတဲ့အပေါ်မှာ ပြန်တဲ့သူတွေလည်း ပြန်မယ်။ ကြုံရာကျပန်း လုပ်တဲ့သူလည်း လုပ်မယ်။ သူ့အဆက်အသွယ်နဲ့သူ အသုံးဝင်တဲ့သူ။ ဒီလူက ဘယ်နေရာမှာ အသုံးဝင်သလဲ အခုက ဈေးကွက်တောင် ဖြစ်နေပြီ။ အရည်အချင်းရှိတဲ့ တရုတ်တယောက်ကို ဘတ် သန်း ဘယ်လောက်။ သိန်းဘယ်လောက် ပေါက်ဈေးရှိတယ်။ သူ့ဟာနဲ့သူ ဝယ်နေတဲ့သူ၊ ရောင်းနေတဲ့သူ ရှိတယ်။ သူတို့ ပြန်ခိုင်းဖို့ လူတွေ ပြန်ရောင်းနေတာ” လို့ ပြောပါတယ်။

KK Park စီမံကိန်းအတွင်း ဖောက်ခွဲဖျက်ဆီးတာနဲ့ပတ်သက်ပြီး BGF တာဝန်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။ 

နိုဝင်ဘာ  ၆ ရက် မနက်ပိုင်းက KK Park စီမံကိန်းကနေ ထွက်ပြေးလာလို့ ထိုင်းအာဏာပိုင်တွေ လက်ခံထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေထဲက အိန္ဒိယနိုင်ငံသား ၂၇၀ ယောက်ကို မဲ​ဆောက် အပြည်ပြည်ဆိုင်ရာ​လေဆိပ်ကတဆင့် အိန္ဒိယနိုင်ငံကို လွှဲ​ပြောင်းပေးခဲ့ပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013