
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က KK Park စီမံကိန်းဝင်းမှာ အခိုင်အမာ တည်ဆောက်ထားတဲ့ အဆောက်အအုံ ၂၇ လုံး အပါအဝင် အဆောက်အအုံ အားလုံးကို ဖောက်ခွဲဖျက်ဆီးသွားဖို့ရှိနေတယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ နီးစပ်သူက ပြောပါတယ်။
BGF နဲ့ နီးစပ်သူတယောက်က “KK Park က တခုလုံးကိုဖြိုမှာ။ ဗုံးခွဲတာက အဲဒီထဲမှာ အကုန်ခွဲမှာ။ ဒီတိုက် ၂၇ လုံး အကုန်လုံးကို မိုင်းထောင်ပြီး မြေကြီးထဲပျောက်အောင် ဖြိုချမှာ။ ဖြိုချပြီးတော့ ဒီမှာ KK Park ကြီး မရှိတော့ပါဘူးဆိုတဲ့ ပုံစံလုပ်မှာ။ ဒီမှာရှိတဲ့ လူတွေကို ပေးပြန်လိုက်တယ်ဆိုတဲ့ပုံစံ သူတို့လုပ်မှာ။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကတော့ မရှိတော့ဘူး။ မီးခံသေတ္တာတွေကစ သူတို့ လူကြီးလမ်းကြောင်း လာတယ်ဆိုပြီး တိုက်ပေါ်မှာရှိတဲ့ မီးခံသေတ္တာတွေကို အရင်ဆုံးသယ်တာ၊ အရင်ဆုံး။ ကွန်ပျူတာတို့ လက်တော့တို့ကျ မော်ဒယ်မြင့် ကောင်းတဲ့ဟာတွေကို ယူထားတယ်။ မကောင်းတဲ့ဟာတွေတော့ ဗွီဒီယို ဓာတ်ပုံရိုက်ပြီးတော့ ဖြိုဖျက် ဖျက်ဆီးတဲ့ပုံစံ လုပ်မှာပေါ့” လို့ ပြောပါတယ်။
KK Park စီမံကိန်းအတွင်းက အွန်လိုင်း ကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ အဆောက်အအုံ တချို့ကို အောက်တိုဘာ ၂၃ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က ဗုံးဖောက်ခွဲ ဖျက်ဆီးခဲ့တာပါ။
ဒီလိုလုပ်တာဟာ ကျားဖြန့်လုပ်ငန်းမှာ စစ်တပ်က မပါဘူး ဆိုတာကို နိုင်ငံတကာကို ပြသချင်လို့ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
KK Park စီမံကိန်းအတွင်းက တန်ဖိုးရှိပစ္စည်းတွေ ရွှေ့ပြောင်းပြီးဖြစ်လို့ အဆောက်အဦအားလုံးကို ဖြိုချ ဖျက်ဆီးမှာလို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
KK Park စီမံကိန်းအတွင်း ဈေးဆိုင်တွေ၊ ဂိုထောင်တွေ၊ ဆေးခန်း၊ ဆောက်လက်စ အဆောက်အအုံ စုစုပေါင်း ၃၀၀ နီးပါးကို စစ်ကောင်စီတပ်က စစ်ဆေးခဲ့ရာ အလုပ်သမား ၂,၀၀၀ ကျော် တွေ့ရှိခဲ့တဲ့အပြင် စတားလင့်ခ် အင်တာနက်စလောင်း အလုံး ၃၀ နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
နိုင်ငံတကာအမြင်မှာ KK Park စီမံကိန်းမှာ စစ်တပ်က ပါဝင်ပတ်သက်မှုမရှိတဲ့ပုံစံ လုပ်ပြနေပေမဲ့ လက်တွေ့မြေပြင်မှာတော့ စစ်တပ်က ပါဝင်ပတ်သက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ် တယောက်က ပြောပါတယ်။
“KK Park နဲ့ ပတ်သက်ပြီး စကိုင်တွယ်တဲ့ အချိန်ကနေစပြီး တရုတ်တွေကို သူက တခါတည်း ခေါ်လာပြီး ဖွက်လိုက်ပြီ၊ သိမ်းလိုက်ပြီ။ နေရာတွေ ရွှေ့ပေးလိုက်တယ်။ လက်ရှိ KK Park ကို မိုင်းခွဲ၊ ဖောက်ခွဲဖျက်ဆီးတာကလည်း နိုင်ငံတကာအမြင်မှာ သူမပါဘူးဆိုတဲ့ ပုံစံမျိုးပြတာ။ အစိုးရ ပါဝင်ပတ်သက်မှု မရှိဘူးဆိုတဲ့ ပုံစံမျိုးပြတာ။ မြို့ဖွံ့ဖြိုးတိုးတက်ရေးပုံစံမျိုးနဲ့ သူက ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ပြီး လုပ်လာတာ။ လုပ်ရင်းလုပ်ရင်း တဖြည်းဖြည်းနဲ့ ကျားဖြန့်တွေ ဖြစ်လာတာ။ အဲဒီမှာလည်း အစိုးရ ပါဝင်ပတ်သက်ခဲ့တာပဲ အကုန်လုံး။”
ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေကို သောင်ရင်းမြစ်ကမ်းတလျှောက်က ရွှေကုက္ကို၊ မယ်ထော်သလေး၊ အင်ကြင်းမိုင်၊ ဧက ၁၀၀၊ ရွှေပိတောင်မြိုင်၊ ကျောက်ခက်၊ AA ဆိုက်ဒ် စတဲ့ မြေနေရာတွေမှာ တရုတ်နိုင်ငံသားတွေက ရင်းနှီးမြှုပ်နှံပြီး နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးထားပါတယ်။
လက်ရှိမှာလည်း ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေက ဦးဆောင်ပြီး မူးယစ်ဆေးဝါး၊ ကာစီနိုရုံ၊ အာဝါဒေးရုံတွေကို လုပ်ကိုင်နေတာကြောင့် ကရင်လူထုတွေ ဝိုင်းဝန်းပြီး ဆန္ဒပြဖို့လိုတယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။
“သူတို့ အဖွဲ့အစည်းရဲ့ လုပ်ရပ်တွေကို ထောက်ခံစေလိုသော ဆန္ဒ၊ အားပေးစေလိုတဲ့ဆန္ဒနဲ့ အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကလည်း မြို့နယ် ကျေးရွာအနှံ့မှာ လုပ်ဆောင်နေတာကို ကျနော်တို့ မြင်တွေ့နေရတယ်။ ဒီအပြင် တဖက်မှာလည်း မူးယစ်ဆေးဝါးတွေ၊ ကာစီနိုရုံတွေ၊ အာဝါဒေးရုံတွေ၊ အချင်းချင်း လက်ဝါးရိုက်ပြီးတော့ မှိုလိုပေါက် ဖွင့်နေတယ်၊ လုပ်ဆောင်နေတယ် ဆိုတာကိုလည်း မြင်တွေ့နေရတယ်။ အဲဒီတော့ ကျနော်တို့ ကရင်လူမျိုးတွေ အားလုံး စဉ်းစားရမှာက ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေကို ဝိုင်းပြီးတော့ တွန်းလှန်ဖို့လည်း လိုသလို ဝိုင်းပြီးတော့လည်း ဆန္ဒပြဖို့လည်း လိုတယ်။”
KK Park စီမံကိန်းအတွင်း ဖောက်ခွဲဖျက်ဆီးတာနဲ့ ပတ်သက်ပြီး BGF တာဝန်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းကစပြီး KK Park အွန်လိုင်း ကျားဖြန့်လုပ်ငန်းကနေ နိုင်ငံတကာက အလုပ်သမားတွေ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်ခဲ့ရပါတယ်။
ကျားဖြန့်လုပ်ငန်းကနေ ထွက်ပြေးလာတဲ့ ထောင်နဲ့ချီတဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မလေးရှား၊ ကိုရီးယားနဲ့ အာဂျင်တီးနား နိုင်ငံသားတွေဟာ မြဝတီမြို့ ဘောလုံးကွင်း၊ BGF စခန်း (အောင်ဇမ္ဗူလင်းဟိုတယ်)၊ အမှတ် ၂ ကုန်သွယ်ရေးဇုန်မှာ ခိုလှုံနေတယ်လို့ သိရပါတယ်။
အောင်ခန့်


