
ကရင်ပြည်နယ်၊ မြဝတီ KK Park ကျားဖြန့်လုပ်ငန်းကနေ ထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသားတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ့်အကြောင်း အစိုးရသတင်းရင်းမြစ်ကို ကိုးကားပြီး နယူးဒေလီအခြေစိုက် NDTV သတင်းမှာ နိုဝင်ဘာ ၉ ရက်က ဖော်ပြပါတယ်။
KK Park ကျားဖြန့်လုပ်ငန်းကနေ ထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသားတွေထဲက အယောက် ၂၇၀ ကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ လေယာဥ်ကွင်းကတဆင့် အိန္ဒိယစစ်ဘက်လေယာဉ်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက် မှာ ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။
အဆိုပါ အိန္ဒိယနိုင်ငံသားတွေဟာ မြဝတီမြို့တောင်ဘက် KK Park မှာ စီးနင်းမှုတွေနောက်ပိုင်း ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။
ထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသား အယောက် ၄၀၀ ကျော်လောက် နေရပ်ပြန်နိုင်ရေးအတွက် ထိုင်းအခြေစိုက် အိန္ဒိယသံရုံးတာဝန်ရှိတွေနဲ့ ထိုင်းဌာနဆိုင်ရာတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါအိန္ဒိယနိုင်ငံသားတွေဟာ မြဝတီကနေ ထိုင်းနိုင်ငံဘက် တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတာကြောင့် ထိုင်းအာဏာပိုင်တွေကို ဒဏ်ငွေပေးဆောင်ခဲ့ရကြောင်းလည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေဟာ အိန္ဒိယနိုင်ငံသားတွေဆီကနေ အီလက်ထရွန်းနစ်ပစ္စည်းတွေ၊ မိုဘိုင်းဖုန်းတွေနဲ့ နိုင်ငံကူးလက်မှတ်တွေကိုလည်း သိမ်းဆည်းခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယနိုင်ငံသားတွေအနေနဲ့ IAF လေယာဉ်နှစ်စင်းပေါ်မတက်မီ အဆိုပါပစ္စည်းတွေကို ဝှက်ထားဖို့ ကြိုးစားခဲ့ပေမဲ့လည်း လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ပြန်လည်သိမ်းဆည်းခဲ့ကြောင်းလည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာတော့ အိန္ဒိယစုံစမ်းစစ်ဆေးရေးအေဂျင်စီတွေက သူတို့ကို မြဝတီ KK Park ကျားဖြန့်ဂိုဏ်းတွေက လုပ်ဆောင်နေတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ် သက်မှုရှိမရှိ သိရှိနိုင်ဖို့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရသလို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ကနေ ၃၀ ရက်အတွင်း အိန္ဒိယနိုင်ငံသား ၄၆၅ ယောက်လောက် ထိုင်းနိုင်ငံနယ်စပ်ဘက်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အခုနှစ် ဧပြီလတုန်းကတော့ ကုလသမဂ္ဂက တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှရာဇဝတ်ဂိုဏ်းတွေရဲ့ ကျားဖြန့်အွန်လိုင်း ဆိုက်ဘာလိမ်လည်မှုစင်တာတွေကနေတဆင့် တနှစ်ကို အမေရိကန် ဒေါ်လာဘီလီယံပေါင်းများစွာ ရရှိနေတဲ့အကြောင်း သတိပေးခဲ့သလို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က အဆိုပါလုပ်ငန်းတွေဟာ တောင်အမေရိက၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ ပစိဖိတ်ကျွန်းစုဒေသတချို့အထိ ပျံ့နှံ့သွားခဲ့တယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂက ကမ္ဘာတဝန်း ကျားဖြန့်အွန်လိုင်း လိမ်လည်မှုစင်တာတွေမှာ လူပေါင်း သိန်းနဲ့ချီ အလုပ်လုပ်နေကြကြောင်းလည်း ခန့်မှန်းထားပါတယ်။
Source : NDTV


