Home
မြန်မာသတင်း
မြဝတီ ကျားဖြန့်လုပ်ငန်းမှ နီပေါနှင့် အိန္ဒိယနိုင်ငံသား ရာချီလွတ်မြောက်
DVB
·
November 6, 2025

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ရှိ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေမှာ ရောင်းစားခံရပြီး ပိတ်မိနေကြတဲ့ နီပေါနဲ့ အိန္ဒိယ နိုင်ငံသားတွေ ရာနဲ့ချီ လွတ်မြောက်လာခဲ့တဲ့အကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါ ကျားဖြန့်အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေထဲမှာ တရားမဝင်အလုပ်လုပ်ကိုင်ဖို့ အတင်းအကျပ် ဖိအားပေးခိုင်းစေခံရတဲ့ နီပေါနိုင်ငံသား ၁၄ ယောက်ကိုတော့ သက်ဆိုင်ရာ ထိုင်း အာဏာပိုင်တွေနဲ့ ဘန်ကောက်မြို့က နီပေါသံရုံးတို့ရဲ့ အကူအညီနဲ့ ကယ်တင်ပြီး နီပေါနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ကိုတော့ နိုဝင်ဘာ ၅ ရက်က နီပေါလေကြောင်းလိုင်း RA402 လေယာဉ်နဲ့ ခတ္တမန္ဒူမြို့ကို ပို့ဆောင်ပေးခဲ့တယ်လို့ သံရုံးက ကြေညာချက်တစောင်မှာ ဖော်ပြထားပြီး သံရုံးရဲ့ အဆိုအရ အဲဒီထဲက ၁၁ ယောက်ဟာ မြဝတီဒေသထဲက ဌာနအသီးသီးမှာ ထိန်းသိမ်းခံခဲ့ရပြီး ကျန် ၃ ယောက်ကတော့ သံရုံးကို လွှဲပြောင်းပေးအပ်ခြင်းမပြုမီ ထိုင်းအာဏာပိုင်တွေရဲ့ ကြီးကြပ်မှုအောက်မှာ ထားရှိခဲ့တယ်လို့ Kathmandu Post သတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁၉ ရက်ကတည်းက နီပေါနိုင်ငံသား ၃၈  ယောက်အပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံက လူ ၂၀၀၀ လောက်ဟာ မြန်မာနိုင်ငံဘက်က ကျားဖြန့်အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေ အသီးသီးကနေ ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့တယ်လို့ သံရုံးက ပြောပါတယ်။

ဒီကယ်ဆယ်ရေးဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ လူကုန်ကူးမှုနဲ့ အတင်းအကျပ် ခိုင်းစေမှု အခြေအနေတွေမှာ ပိတ်မိနေတဲ့ နီပေါနိုင်ငံသားတွေကို လွတ်မြောက်စေဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး သံရုံးက နီပေါနိုင်ငံသားတွေကို အစိုးရရဲ့ အတည်ပြုထားတဲ့ တရားဝင်လမ်းကြောင်းတွေကနေတဆင့်သာ နိုင်ငံခြားအလုပ်အကိုင် ရှာဖွေဖို့နဲ့ မသမာတဲ့ အလုပ်အကိုင် ကမ်းလှမ်းချက်တွေကို သတိထားဖို့လည်း တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၆ ရက် ဒီကနေ့မှာပဲ ကရင်ပြည်နယ်၊ မြဝတီ KK Park ကျားဖြန့်လုပ်ငန်းကနေ ထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသားတွေထဲက အယောက် ၂၇၀ ကို ထိုင်း-မြန်မာနယ်စပ်၊ မဲ​ဆောက်မြို့​ လေယာဥ်ကွင်းကတဆင့် အိန္ဒိယစစ်ဘက်လေယာဉ်နဲ့ ပြန်လည် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဆိုပါ အိန္ဒိယနိုင်ငံသားတွေဟာ မြဝတီမြို့​တောင်ဘက် KK Park မှာ စီးနင်းမှုတွေ နောက်ပိုင်း ထိုင်းနိုင်ငံဘက်ကိုကို တိမ်း​ရှောင်ထွက်​ပြေးလာသူ​တွေ ဖြစ်ပါတယ်။

ထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသား အယောက် ၄၀၀ ကျော်လောက် နေရပ်ပြန်နိုင်ရေးအတွက် ထိုင်းအ​ခြေစိုက် အိန္ဒိယသံရုံးတာဝန်ရှိ​တွေနဲ့ ထိုင်းဌာနဆိုင်ရာတွေ ပူး​ပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုနှစ် ဧပြီလတုန်းကတော့ ကုလသမဂ္ဂက တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှရာဇဝတ် ဂိုဏ်းတွေရဲ့ ကျားဖြန့်အွန်လိုင်း ဆိုက်ဘာလိမ်လည်မှုစင်တာတွေကနေတဆင့် တနှစ်ကို အမေရိကန် ဒေါ်လာဘီလီယံပေါင်းများစွာ ရရှိနေတဲ့အကြောင်း သတိပေးခဲ့သလို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က အဆိုပါလုပ်ငန်းတွေဟာ တောင်အမေရိက၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ ပစိဖိတ်ကျွန်းစုဒေသတချို့အထိ ပျံ့နှံ့သွားခဲ့တယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂက ကမ္ဘာတဝန်း ကျားဖြန့်အွန်လိုင်း လိမ်လည်မှုစင်တာတွေမှာ လူပေါင်း သိန်းနဲ့ချီ အလုပ်လုပ်နေကြကြောင်းလည်း ခန့်မှန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013