Home
မြန်မာသတင်း
KK Parkမှ  ထွက်ပြေးလာသည့် အိန္ဒိယနိုင်ငံသား ၅၀၀ ကို လေယာဉ်ဖြင့်ပြန်ခေါ်မည်
DVB
·
November 1, 2025
Photo :Reuters

မြန်မာနိုင်ငံရှိ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ KK Park အွန်လိုင်းငွေလိမ်ကျားဖြန့်နယ်မြေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတဲ့သတင်းထွက်ပေါ်ပြီးနောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့တဲ့ အိန္ဒိယနိုင်ငံသား အယောက် ၅၀၀ လောက်ကို ပြန်လည်ခေါ်ဆောင်ဖို့ အိန္ဒိယအစိုးရက လေယာဉ်တစင်း စေလွှတ်ဖို့ စီစဉ်နေတဲ့အကြောင်း အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံသား ၅၀၀ လောက်ကို  အိန္ဒိယအစိုးရက လေယာဉ်နဲ့ ပြန်ခေါ်ဖို့စီစဉ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်ကလည်း အတည်ပြုပြောဆိုထားသလို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီကိစ္စကို သိရှိထားပြီး ထိုင်းအာဏာပိုင်တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ အတည်ပြုထားပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က ဒီအစီအစဉ်ကို အောက်တိုဘာ ၂၉ ရက်က အတည်ပြုခဲ့ပြီး အိန္ဒိယနိုင်ငံသားတွေရဲ့ ဥပဒေဆိုင်ရာ အထောက်အထားစိစစ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ အိန္ဒိယသံအမတ်က ထိုင်းလူဝင်မှုကြီးကြပ်ရေးအကြီးအကဲနဲ့ တွေ့ဆုံညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က "အိန္ဒိယက ထိုင်းနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တောင်းခံခဲ့ပါတယ်၊ သူတို့က ဒီကိစ္စကို ကျနော်တို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ပါဘူး" လို့ ပြောပါတယ်။

အိန္ဒိယအစိုးရက လေယာဉ်တစင်းလွှတ်ပြီး သူ့နိုင်ငံသားတွေကို လာခေါ်မှာဖြစ်ပြီး အဲဒီလေယာဉ်ဟာ မဲဆောက်မြို့ကို တိုက်ရိုက်ဆင်းသက်မှာဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

အခုလို အိန္ဒိယနိုင်ငံသားတွေကို ပြန်ခေါ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ဒီနှစ်အစောပိုင်းကလည်း အလားတူ နယ်စပ်ဒေသက ကျားဖြန့်လုပ်ငန်းတွေ ကနေ လွတ်မြောက်လာတဲ့ နိုင်ငံသားတွေကို  မဲဆောက်ကနေတဆင့် လေယာဉ်နဲ့ ပြန်ခေါ်ခဲ့ဖူးပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာရှိတဲ့ KK Park ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ပြီးခဲ့တဲ့ သီတင်းပတ်မှာ  ဝင်ရောက်စီးနင်းနေပုံ ဓာတ်ပုံရိုက်ပြပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီနောက် နိုင်ငံပေါင်း ၂၈ နိုင်ငံက လူပေါင်း ၁,၅၀၀ ကျော်ဟာ မြဝတီကနေ နယ်စပ်ဖြတ်ကျော်ပြီး  ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ထဲကို ထွက်ပြေးဝင်ရောက်ခဲ့ကြတယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘန်ကောက်ပို့စ် သတင်းစာရဲ့ ဖော်ပြချက်အရတော့ အိန္ဒိယ၊ တရုတ်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေ အပါအဝင် အနည်းဆုံး နိုင်ငံ ၁၀ နိုင်ငံက နိုင်ငံခြားသားလုပ်သား ၁,၆၆၇ ယောက်အထိ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်မှာရှိတဲ့ KK Park နဲ့ ရွှေကုက္ကိုမြို့သစ်ဟာ နိုင်ငံတကာဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ သံတမန်တွေကြားမှာ နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်လည်မှုတွေ၊ မူးယစ်ဆေး။ လူကုန်ကူးမှုနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှောင်ခိုရောင်းဝယ်မှု လုပ်ဆောင်ရာနေရာအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

အဆိုပါ ဒုစရိုက်နယ်မြေတွေကို အဓိကအားဖြင့် တရုတ်ရာဇဝတ်ဂိုဏ်းတွေက စီမံခန့်ခွဲပြီး စစ်ကောင်စီဩဇာခံ ဒေသခံ ကရင်နယ်ခြားစောင့်တပ် (BGF)နဲ့ တခြားကရင်လက်နက်ကိုင်အဖွဲ့ ငယ်လေးတွေက  အစောင့်အကြပ်ပေးထားပါတယ်။ 

ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေရဲ့ နယ်စပ်ဒေသတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလနောက်ပိုင်း အွန်လိုင်းငွေလိမ်လည်မှုတွေရဲ့ ဗဟိုချက်ဖြစ်လာခဲ့ပြီး ရာဇဝတ်ဂိုဏ်းတွေဟာ လူကုန်ကူးခံရပြီး အတင်းအဓမ္မအလုပ်ခိုင်းစေခံရတဲ့ လူတွေဆီကနေ ဒေါ်လာဘီလီယံနဲ့ချီပြီး ဝင်ငွေရရှိခဲ့တယ်လို့ ကုလသမဂ္ဂက အစီရင်ခံထားပါတယ်။ 

Source: Telegraphindia/ Bangkokpost 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013