
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနယ်အရှေ့ခြမ်း ယဉ်ကျေးရွာအနီး တောကျောင်းဘုန်းကြီးကျောင်းကို စစ်တပ်က နိုဝင်ဘာ ၁၉ ရက် နေ့ခင်း ၁ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံ ပြည်သူတယောက်က “နမခ ကနေ တက်လာတဲ့ ပါရာမော်တာ စက်တပ်လေထီးယာဉ်က ကြဲချသွားတာ။ နမခ ကနေ ၃ စီး တက်လာတာဗျ။ ကြဲတာကတော့ ၂ စီးက ကြဲချသွားတာ။ ဗုံးသီးက ၂ လုံး ကြဲချတာ။ ဘုန်းကြီးကျောင်း ဓမ္မာရုံပေါ်ကို တည့်တည့် ၂ လုံး ကြဲချသွားတာပါဗျ။ အဲဒီလို ကြဲချလို့ အရှည်ကြီး၊ မိုးသီး (အသက် ၃၅)၊ ဂျင်းကောင် (အသက် ၄၀) ဝန်းကျင် သူတို့ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်။ ဓမ္မာရုံအဆောက်အအုံလည်း ပျက်စီးတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်တပ်ဗုံးကြဲချရာ နေရာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိသလို မြေပြင် စစ်ကြောင်းထိုးတာလည်း မရှိဘဲ အကြောင်းမဲ့သက်သက်ကို ကြဲချသွားတာလို့လည်း သိရပါတယ်။
ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တယောက်က “စစ်တပ်ကတော့ နေရာအနှံ့ကို လေယာဉ်၊ စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာ၊ ဒရုန်း စတဲ့ယာဉ်တွေနဲ့ကို ဗုံးကြဲနေတာ။ သူတို့ ကြဲလိုက်ပြီဆိုရင် ပြည်သူတွေနေတဲ့ နေရာတွေကို ကြဲသလို စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း အဲဒီ နေရာတွေကို ကြဲချနေတာ။ ကျနော်တို့အနေနဲ့လည်း မြေပြင်စစ်ကြောင်းလာတယ်ဆိုရင် ပြည်သူကို လုံခြုံအောင် ကာကွယ်ပေးလို့ရတယ်။ အခုဟာက လေကြောင်းကနေဆိုတော့ ပြည်သူတွေ လေကြောင်းသတင်းကို အထူးဂရုစိုက် နားထောင်ပြီး နေကြဖို့နဲ့ ဘေးကင်းလုံခြုံရာမှာ ပုန်းရှောင်ကြဖို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းရွာအနီးနဲ့ ကျွန်းတောလေးရွာကို နိုဝင်ဘာ ၁၀ ရက် ညနေ ၃ နာရီကျော်နဲ့ ၆ နာရီကျော်တို့မှာ ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁၁ ယောက် ဒဏ်ရာပြင်းထန်ရခဲ့ပြီး လူနေအိမ် ပျက်စီး မီးလောင်တာတွေ ရှိခဲ့ပါတယ်။


