
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသူတယောက် အပါအဝင် အမျိုးသမီး ၃ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ဒဏ်ရာရရှိသူ ၅ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်၊ တောင်ငူနဲ့ အလယ်ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၇ ရက် ညမှာ ဂျက်တိုက်လေယာဉ် တစီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး တောင်ငူကျေးရွာက အမျိုးသမီး ၃ ယောက် သေဆုံးခဲ့သလို နောက်ထပ် ကျေးရွာသား ၃ ယောက်နဲ့ အလယ်ရွာသစ်က ၂ ယောက် ဒဏ်ရာရရှိခဲ့ကြတယ်လို့ ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“နိုဝင်ဘာ ၁၇ ရက်နေ့က ကျောက်ဖြူမှာ ကျေးရွာ ၅ ရွာကို လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာ။ အဲဒီမှာ တောင်ငူရွာမှာ သေဆုံးသူ ၃ ဦးရှိခဲ့တာ။ နောက်ထပ်လည်း တောင်ငူရွာက ၃ ဦးနဲ့ အလယ်ရွာသစ်က ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ သေဆုံးသူတွေကတော့ အမျိုးသမီးတွေဖြစ်ကြပြီးတော့ ကျောင်းသူတဦးပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိတဲ့အထဲမှာလည်း ကျောင်းသူတွေ အမျိုးသမီးတွေ ပါကြတယ်။”
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေမှာ တောင်ငူရွာက ဒေါ်မအောင်သာ (၇၄ နှစ်)၊ ဒေါ်စုစုမာ (၄၇ နှစ်) နဲ့ မဝင်းစုဌေး (၁၆ နှစ်) တို့ ဖြစ်ကြပြီး နောက်ထပ် ဒဏ်ရာရရှိသူတွေထဲမှာလည်း ကျောင်းသူ ၂ ယောက် ပါဝင်ကာ ဆေးကုသမှု ခံယူနေကြရပါတယ်။
စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၇ ရက် တရက်တည်းမှာ လေကြောင်းကနေ ဂျက်တိုက်ယာဉ်၊ ဒရုန်းတွေနဲ့ တောင်ငူ၊ အလယ်ရွာသစ်၊ ကျောက်ကလေ၊ လိပ်တင်၊ မင်းရပ်နဲ့ သံချောင်း ကျေးရွာတွေကို ဆက်တိုက် တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ နိုဝင်ဘာ ၁၈ ရက်မှာ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီက ကျောက်ဖြူဒေသကို အဲဒီလို တိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာကြောင့်လည်း ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိထားကြဖို့ကိုလည်း အာရက္ခတပ်တော်က နိုဝင်ဘာ ၁၈ ရက်မှာ ထပ်မံသတိပေး ထုတ်ပြန်ထားပါတယ်။
ရခိုင်ဒေသကို အောက်တိုဘာ ၃၀ ရက်ကတည်းက စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာနေပါတယ်။


