Home
မြန်မာသတင်း
ဆားလင်းကြီးတွင် စစ်တပ်က ဝမ်ပေါင်အကူအညီဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု ၃၀ ကျော် ကျူးလွန်
DVB
·
November 20, 2025

၂၀၂၅ ခုနှစ် ၁၀ လအတွင်းမှာပဲ စစ်တပ်က ဝမ်ပေါင်ကုမ္ပဏီရဲ့ ထောက်ပံ့ပေးမှုနဲ့  လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၃၀ ကျော် ကျူးလွန်ခဲ့တယ်လို့ DVB ဒေတာအဖွဲ့ရဲ့ ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။ 

၂၀၂၅ ခုနှစ် ၁၀ လအတွင်းမှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် တခုတည်းမှာပဲ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၃၁ ကြိမ် ရှိတယ်လို့ ဆိုပါတယ်။

DVB က ဖော်ပြတဲ့ စစ်တပ်ရဲံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲ လေကြောင်းက တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ နေအိမ်တွေ မီးရှို့ခံရတာတွေ ပါဝင်ပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်းဝင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်တပ်က ရွာစဉ်လှည့် စစ်ကြောင်းထိုးတာနဲ့ စီမံကိန်းဝင်းအတွင်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ပါရာမော်တာတွေ လာရောက်ကြဲချတာတွေကြောင့် ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေတာ တလကျော်ကြာပြီး ဖြစ်တယ်လို့ လက်ပံတောင်း ကြေးနီတောင်အနီး ဖောင်းကတာဒေသခံတယောက်က ပြောပါတယ်။

“စစ်ကြောင်းက လက်ပံတောင်း ကြေးနီစီမံကိန်းရဲ့ ပတ်ဝန်းကျင်မှာ ထိုးနေတာ၊ လွန်ခဲ့တဲ့ ၁၇ ရက်က စ ရှိခဲ့တာ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းထဲက ထွက်ထွက်လာပြီးတော့၊ နောက် အပေါ်ကနေပြီးတော့လည်း ပါရာမော်တာတွေ အကြဲခံရတာ။ အဲဒါက ၁၈ ရက်နေ့က ရှေ့လတုန်းက‌ပေါ့။ ဖောင်းကတာ တဝိုက်မှာလည်း တော်တော်များများ အကြဲခံရတယ်။ ထန်းပုဘက်လည်း အကြဲခံရတယ်။ အဲဒါကတော့ လူထိခိုက်သေဆုံးတာတွေထိ ရှိခဲ့တယ်ပေါ့။ ပြီးခဲ့တဲ့ ၅ ရက်လောက်ကဆိုလည်း ည ၇ နာရီ ၇ နာရီခွဲလောက်မှာ နမခကနေ ပါရာမော်တာ တက်လာပြီးတော့ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ပတ်ပတ်လည်မှာ ကြဲချသွားတာတွေ ရှိတယ်။ အဲဒါကြောင့် အန္တရာယ်များလို့ ပြန်ဝင်လို့ မရတဲ့ဟာတွေ ရှိတယ်။”

၂၀၂၅ ဇန်နဝါရီကနေ အောက်တိုဘာလအထိ ဆားလင်းကြီးဒေသထဲကို လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ ၁၁ ကြိမ်၊ နေအိမ်တွေ မီးရှို့တာ ၃ ကြိမ် ရှိခဲ့ပြီး လူ ၁၃ ယောက် သေဆုံးခဲ့ရတယ်လို့  DVB ဒေတာအဖွဲ့က ကောက်ယူရရှိထားပါတယ်။

အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေခဲ့တဲ့ စစ်တပ်အဖွဲ့ဝင်တွေဟာ ဝမ်ပေါင်ကုမ္ပဏီရဲ့ ထောက်ပံ့ပေးမှုနဲ့ လက်ပံတောင်း ကြေးနီတောင်အနီးက ရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာလို့ တက်ကြွလှုပ်ရှားသူ တယောက်ဖြစ်တဲ့ မချောစုဟန်က ပြောပါတယ်။

“ဒေသခံတွေကတော့ လွတ်မြောက်ရာကို ထွက်ပြေးတိမ်းရှောင်နေတယ်။ ဒီမနက် အစောပိုင်းကိုမှ ဝမ်ပေါင်ထဲက လက်နက်ကြီးက အဆက်မပြတ်ထိုးတဲ့အတွက်ကြောင့်မို့ ပြည်သူလူထုက ပြေးရမှာလား လွှားရမှာလား ဖြစ်နေတာက ဖြစ်နေတာ၊  အဲဒါ နေ့စဉ်ရက်ဆက် ထုနေတာပဲ၊ လုပ်နေတာပဲ။ ဒီကနေ့ စစ်ကြောင်းပြန်ဝင်လာတယ်။ ထလုံးဂိတ်ကနေပြီးတော့ ဝမ်ပေါင်ကနေ အင်အားနဲ့ ပလောင်ရွာဘက်ကို စစ်ကြောင်းဦးတည်လာတဲ့ အနေအထားမျိုးရှိတယ်။ ပြည်သူတွေက ဝမ်ပေါင်ထဲကို စစ်ကြောင်းရောက်ပြီ ဆိုတာနဲ့ အထုပ်အပိုး ပြင်ကြရတယ်။ ကျီးလန့်စာစားနေရတဲ့ အနေအထား ဖြစ်တယ်။ ဝမ်ပေါင်က ၂၀၂၁ အာဏာသိမ်းကတည်းက စတင်လာခဲ့တာ။ ပြည်သူလူထုကို မီးရှို့သတ်ဖြတ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ရိက္ခာပိုင်းရော ဆက်သွယ်ပိုင်းရော အကုန်လုံးကို ထောက်ပံ့ပေးနေတဲ့ စီမံကိန်းတခုလည်း ဖြစ်တယ်ဆိုတာ ပြောချင်တာပါ။”

၂၀၂၅ အောက်တိုဘာလထဲမှာ စစ်တပ်က ဆားလင်းကြီးနယ်ထဲက မိုးကြိုးပြင်(တောင်)၊ ရေခါး(မြောက်)၊ ဆည်တည်း-ဇီးတော၊ ဖောင်းကတာ၊ ဆားလင်းကြီး၊ ပလောင်၊ ရွှေလှေ၊ ထန်းပု၊ မယ်ဇလီကန်နဲ့ ကျားတက် စတဲ့ရွာတွေကို လေကြောင်းကတိုက်ခိုက်တာ၊ ဒရုန်းနဲ့ပစ်ခတ်တာ၊ စစ်ကြောင်းထိုးတာနဲ့ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တာဖြစ်လို့ ဒေသခံတွေက အခုထိတိုင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013