Home
မြန်မာသတင်း
ဝက်လက်မြို့နယ် ဘုရားပြန်ကျေးရွာကို စစ်တပ်က မီးရှို့
DVB
·
November 20, 2025
w10
w9
w8
w7
w6
w5
w4
w3
w2
w1

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ဘုရားပြန်ကျေးရွာကို စစ်တပ်စစ်ကြောင်းက နိုဝင်ဘာ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံ​တွေဆီကနေ သိရပါတယ်။

နွေဦးအောင်ပွဲအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ရွာသာကြီးရွာမှာ တပ်စွဲနေတဲ့ ရန်သူစစ်ကြောင်းက အင်အား ၁၅၀ လောက်နဲ့ ဘုရားပြန်ရွာကို ဝင်ရောက်ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာပါ” လို့ ပြောပါတယ်။

လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းအထိ အဆိုပါ ဘုရားပြန်ကျေးရွာအတွင်းမှာ ရှိနေသေးတာကြောင့် မီးလောင်ပျက်စီးတဲ့ အခြေအနေ အသေးစိတ်ကို မသိရှိရသေးဘူးလို့လည်း ဆိုပါတယ်။

Wetlet Informational Network က “အဲဒီ ဘုရားပြန်ရွာမှာ အိမ်ခြေ ၅၀၀ ဝန်းကျင် ရှိပြီးတော့ မန္တလေး-ရွှေဘို ကားလမ်းမကြီးပေါ်မှာ ရှိတယ်။ ဝက်လက်မြို့ရဲ့ အနောက်တောင်ဘက် ၈ မိုင်လောက်မှာ ရှိတယ်။ စစ်ကြောင်း ရှိနေသေးတော့ မြေပြင်အခြေအနေ အတိအကျကိုတော့ မသိရသေးဘူးဗျ” လို့ DVB ကို ပြောပါတယ်။

စစ်​ကောင်စီစစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ ဘုရားပြန်ကျေးရွာက ဒေသခံတွေကတော့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးရှောင်နေကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဝက်လက်မြို့နယ်ထဲကို အောက်တိုဘာ ၁၃ ရက်ကနေ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းအထိ တလအတွင်း ကျေးရွာပေါင်း ၁၂ ရွာကို မီးရှို့ဖျက်ဆီးလို့ ပြည်သူပိုင်နေအိမ် အလုံးရေ ရာချီပြီး မီးလောင်ပျက်စီးခဲ့သလို လဝက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၆၀ နီးပါး ပြုလုပ်ခဲ့လို့ ဒေသခံပြည်သူ ၂၀,၀၀၀ နီးပါးဟာလည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်ထဲကို မြေပြင်စစ်ကြောင်းတွေ​အပြင် လေကြောင်းတိုက်ခိုက်တာတွေပါ ရှိနေလို့ ဝက်လက်မြို့နယ်အတွင်းက ဒေသခံပြည်သူတွေအပြင် စစ်ဘေးရှောင်တွေအနေနဲ့ သတိရှိရှိ သွားလာနေထိုင်ကြဖို့လည်း တော်လှန်ရေးအဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013