စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို တရားဝင်ဆန့်ကျင်ရေးနဲ့ ကျားဖြန့်နှိမ်နင်းရေးတို့ကို အားစိုက်ဆောင်ရွက်ပေးဖို့ အမေရိကန်ပြည်နယ် ၅၀ က မြန်မာတွေ ဒေသစံတော်ချိန် နိုဝင်ဘာ ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှာ ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူတော်ရှေ့နဲ့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
အတုအယောင်ရွေးကောက်ပွဲကို အမေရိကန်အစိုးရက တရားဝင်ဆန့်ကျင်ရေး၊ ကျားဖြန့်နှိမ်နင်းရေးနဲ့ မြန်မာ့အရေးအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို အသက်ဝင်အောင် အဆောတလျင် ဆောင်ရွက်ပေးရေး စတဲ့အချက်တွေကို သမ္မတအိမ်ဖြူတော်ရှေ့မှာ မြန်မာ့အရေး ဆောင်ရွက်သူတွေက တောင်းဆိုခဲ့ကြပါတယ်။
ကိုရင်အေး (Save Myanmar- USA) “ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုနိုင်ဘူးဆိုတဲ့ အချက်ကို တရုတ်သံရုံးရှေ့မှာ စပြီးတော့ ဆန္ဒပြထုတ်ဖော်တာ ဖြစ်ပါတယ်။ လက်ရှိ တရုတ်ရဲ့ ပံ့ပိုးမှုတွေကို ရပ်ဖို့ လိုတယ်။ ဒီတော်လှန်ရေးက ကျနော်တို့ နိုင်ကိုနိုင်မှာ၊ နိုင်အောင်သွားမှာ။ အဲဒီလို အပြောင်းအလဲ ဖြစ်သွားခဲ့ပြီဆိုရင် တရုတ်နဲ့ မြန်မာရဲ့ အနာဂတ်ဆက်ဆံရေးဟာ ဒီအတိုင်း သွားမယ်ဆို ပြဿနာရှိတယ်၊ အရေးကြီးတယ်။ ဒါကြောင့်မို့ တရုတ်ရဲ့ပေါ်လစီကို ပြောင်းပါ။ တရုတ်သံရုံးရှေ့မှာ သွားပြောတယ်။ ပြီးတော့ တဆက်တည်းမှာ ကျနော်တို့ အိမ်ဖြူတော်ကို တောင်းဆိုတာကsတော့၊ မေတ္တာရပ်ခံတာ၊ အမေရိကန်အစိုးရအနေနဲ့ ဒီအတုအယောင် အလိမ်အညာ ရွေးကောက်ပွဲကို လုံးဝလက်မခံနိုင်ဘူးဆိုတာ တရားဝင်ထုတ်ပြောပေးဖို့၊ ထပ်မံထုတ်ပြောပေးဖို့။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ UN အထွေထွေညီလာခံမှာ သူတို့ ပြောပြီးသွားပြီ။ UN ဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်က ထုတ်ဖော်ပြောထားပြီးသား။ ဒါက အတုအယောင် လက်မခံဘူးဆိုတာ။ ဒါပေမဲ့ ထပ်ပြီးတော့ မကြာမကြာ ပြောပေးနေရမယ်ဆိုတာ ကျနော်တို့ လာတောင်းဆိုတာ။ ဖြစ်နိုင်ရင်တော့ သမ္မတထရမ့်ပ်အနေနဲ့ ဒီကိစ္စကို တရားဝင် ငြင်းပယ်ပေးဖို့ ကျနော်တို့ တောင်းဆိုတာပေါ့နော်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့ ဆန္ဒပြပွဲတွေကို ပြည်နယ် ၅၀ ရောက်မြန်မာ ၄၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြပြီး တော်လှန်ရေးအတွက် သွေးမအေးကြောင်း ပြသနိုင်ဖို့ ပူးပေါင်းခဲ့ကြတာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ နိုင်ငံတကာရောက်မြန်မာတွေ စုစည်းပြီး Global Meeting တွေ အကြိမ်ကြိမ် ခေါ်ယူခဲ့တာပါ။
အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဥရောပနိုင်ငံတွေ၊ ဂျပန်၊ တောင်ကိုးရီးယား စတဲ့နိုင်ငံတွေမှာလည်း ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဦးငြိမ်းသစ်(NLD ဗဟိုပြန်ကြားရေးကော်မတီဝင်) “စစ်အာဏာသိမ်းအစိုးရက ဆောင်ရွက်မယ့် အတုအယောင် ရွေးကောက်ပွဲဟာဆိုရင် ဘာအဓိပ္ပာယ်မှ မရှိဘူး။ ပြည်သူလူထုကို ဖိနှိပ်ဖို့၊ စစ်အာဏာ သက်ဆိုးရှည်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်မှု ဖြစ်တယ်လို့ အမေရိကန်တွေရဲ့ သုံးသပ်ချက်ဟာ အလွန်ပင်မှန်ပါတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲကို ဆက်လက်ဆန့်ကျင်ကြဖို့၊ ကျားဖြန့်နှိမ်နင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့၊ ပါဝင်နေတဲ့ စစ်ရာဇဝတ်ကောင်တွေကိုလည်း အမြန်ဆုံးအရေးယူနိုင်ဖို့ ကျနော်တို့အနေနဲ့ တိုက်တွန်းပါတယ်ဗျ” လို့ ပြောပါတယ်။
နိုဝင်ဘာလဆန်းပိုင်းကစပြီး အမေရိကန်အစိုးရနဲ့ လွှတ်တော်က မြန်မာ့အရေးနဲ့ ဆက်စပ်အကြောင်းအရာတွေအပေါ် အာရုံစိုက်မှုရှိလာပြီး လုပ်ငန်းဖော်ဆောင်တာ၊ ထုတ်ဖော်ပြောဆိုတာတွေလည်း ရှိလာတာပါ။
တရုတ်အစိုးရရဲ့ နိုင်ငံတကာရေးရာမှာ လွှမ်းမိုးလာတဲ့ ခြေလှမ်းတွေကို ချိန်ခွင်လျှာညှိဖို့ အမေရိကန်အစိုးရက အရှေ့တောင်အာရှအရေးမှာ မြင်သာတဲ့ လှုပ်ရှားမှုတချို့ ပြုလုပ်လာတာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရက (အွန်လိုင်းငွေလိမ်လုပ်ငန်း) ကျားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ Scam Center Strike Force ကို ဖွဲ့စည်းကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကြေညာခဲ့ပြီး လုပ်ငန်းဖော်ဆောင်တာတွေ စတင်နေတာပါ။
ဒါ့အပြင် နိုဝင်ဘာ ၁၉ ရက်နေ့က အမေရိကန်အောက်လွှတ်တော်မှာ ပြလုပ်ခဲ့တဲ့ မြန်မာ့အရေး အထူးကြားနာပွဲမှာလည်း အမေရိကန်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို အာဆီယံလမ်းကြောင်းကနေ ဆက်လက်ချဉ်းကပ်တာထက် ပိုထိရောက်မယ့် ကိုယ်ပိုင်မူဝါဒ၊ မဟာဗျူဟာအသစ်နဲ့ ပြောင်းလဲချဉ်းကပ်ဖို့၊ ကျားဖြန့်ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့နဲ့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ အချက်တွေ ဆွေးနွေးကြားနာခဲ့ကြပါတယ်။
သုတချမ်းသာ














