
ဂျက်ဖရီအက်ပ်စတိန်းနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့ သတင်းထောက် အမျိုးသမီးကို “ဝက်ပုတ်” လို့ သမ္မတ ထရမ့်ပ်က ခေါ်ဆိုခဲ့တဲ့အပေါ် အိမ်ဖြူတော်က နိုဝင်ဘာ ၂၀ ရက်မှာ ကာကွယ်ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က အဲဖို့စ်ဝမ်း လေယာဉ်ပေါ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ဒီရုပ်သံဖိုင်ဟာ လူမှုကွန်ရက်မှာလည်း ပျံ့နှံ့နေပါတယ်။
အက်ပ်စတိန်းရဲ့ အီးမေးလ်ဟောင်းတခုမှာ “မိန်းကလေးတွေအကြောင်း ထရမ့်ပ်သိတယ်” ဆိုပြီး ရေးသားထားတာနဲ့ ပတ်သက်လို့ သတင်းထောက်က အမေးအဖြေလုပ်ရာမှာ ထရမ့်ပ်က ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို မေးခွန်းထုတ်တဲ့ သတင်းထောက်ဘက်ကို ထရမ့်ပ်က ကိုယ်ကိုကိုင်း၊ လက်ညှိုးထိုးပြီး “တိတ်တိတ်နေစမ်း.. ဝက်ပုတ် (Quiet, piggy)” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အိမ်ဖြူတော်ပြောခွင့်ရ ကယ်ရိုလိုင်း လဲဗစ်က အမေရိကန်မဲဆန္ဒရှင်တွေဟာ ထရမ့်ပ်ရဲ့ ပွင့်လင်းမှုကို သဘောကျလို့ ပြန်လည်ရွေးကောက်ခဲ့တာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် သမ္မတဟာ မေးခွန်းတွေကို ဖြေကြားရာမှာ ပွင့်လင်းမြင်သာမှု ရှိတဲ့အတွက် သတင်းထောက်တွေအနေနဲ့ ကျေးဇူးတင်သင့်တယ်လို့လည်း သူက ဆိုပါတယ်။
သမ္မတဟာ သတင်းတုတွေကို တွေ့ရင် ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိသလို အချက်အလက် မှားဖြန့်သူတွေကိုလည်း စိတ်ပျက်လေ့ရှိကြောင်း လဲဗစ်က ရှင်းပြပါတယ်။
ဒါပေမဲ့ သတင်းမီဒီယာတွေကို မကြုံစဖူး ထိတွေ့ခွင့်ပေးထားပြီး နေ့စဉ်နီးပါး မေးခွန်းတွေကို ဖြေကြားပေးနေတယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။
အက်ပ်စတိန်းနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှု မှတ်တမ်းတွေ ထုတ်ပြန်ဖို့ ဥပဒေကြမ်းကိုတော့ ထရမ့်ပ်က နိုဝင်ဘာ ၁၉ ရက်မှာ လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။
Source: Reuters


