
ဂျက်ဖရီအက်ပ်စတိန်းနဲ့ ဆက်စပ်တဲ့ လိင်အရှုပ်တော်ပုံ မှတ်တမ်းအားလုံး ဖွင့်ချဖို့ အမိန့်ပေးတဲ့ ဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာ ၁၉ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
“အခုတော့ အဲဒီ ဒီမိုကရက်တွေနဲ့ အက်ပ်စတိန်းနဲ့ ပတ်သက်တာတွေ မကြာမီ ပေါ်လာတော့မယ်။ အက်ပ်စတိန်းဖိုင်တွေ ထုတ်ပြန်ဖို့ ကျုပ် လက်မှတ်ထိုးလိုက်ပြီ” လို့ ထရမ့်ပ်က Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒီဥပဒေအရ တရားရေးဌာနဟာ စုံစမ်းစစ်ဆေးမှုက ရရှိတဲ့ အချက်အလက်အားလုံးကို “ရှာဖွေရယူနိုင်တဲ့ ပုံစံနဲ့” ရက် ၃၀ အတွင်း ထုတ်ပြန်ပေးရမှာ ဖြစ်ပါတယ်။
အစောပိုင်းမှာ ထရမ့်ပ်က ဆန့်ကျင်ခဲ့ပေမဲ့ နစ်နာသူတွေနဲ့ သူ့ပါတီတွင်း ဖိအားတွေကြောင့် သဘောထားပြောင်းသွားခဲ့ပြီး လွှတ်တော်နှစ်ရပ်လုံးကလည်း ဒီဥပဒေကို ကန့်ကွက်သူ မရှိသလောက် အတည်ပြုပေးခဲ့တာပါ။
ထရမ့်ပ်ကတော့ ဒီမိုကရက်တွေဟာ သူ့အစိုးရရဲ့ အောင်မြင်မှုတွေကို လူတွေအာရုံမစိုက်မိအောင် ဒီကိစ္စကို ပုံကြီးချဲ့နေတာလို့ တုံ့ပြန်ထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ထွက်ပေါ်ခဲ့တဲ့ မှတ်တမ်းတွေမှာတော့ ထရမ့်ပ် မကောင်းကြောင်း သူသိထားပြီး ဖြုတ်ချနိုင်တယ်လို့ အက်ပ်စတိန်းက ပြောဆိုထားတဲ့အချက်တွေ ပါဝင်နေတာပါ။
ဒါပေမဲ့ အခုဥပဒေမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာနဲ့ တည်ဆဲစုံစမ်းစစ်ဆေးမှုတွေရှိရင် ချန်လှပ်ထားနိုင်တယ်လို့ ပြဋ္ဌာန်းထားတာကြောင့် မှတ်တမ်းအားလုံး ထွက်လာဖို့တော့ မသေချာသေးပါဘူး။
ဒါ့ကြောင့် စုံစမ်းစစ်ဆေးမှုတွေကို အကြောင်းပြပြီး မှတ်တမ်းတွေကို ဆက်ပြီးထိန်းထားမှာ စိုးရိမ်တယ်လို့ ဥပဒေကြမ်းကို ဦးဆောင်တင်သွင်းသူ ရီပတ်ဘလီကန်အမတ် ကိုယ်တိုင်က သုံးသပ် ပြောဆိုထားပါတယ်။
Source: Reuters


