
ကမ္ဘာကျော်ဘောလုံးသမား ခစ္စတီယာနို ရော်နယ်ဒိုဟာ အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တည့်ခင်းဧည့်ခံတဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။
နိုဝင်ဘာလ ၁၈ ရက်က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်က ဆော်ဒီအိမ်ရှေ့မင်းသား ဝန်ကြီးချုပ် မိုဟာမက် ဘင် ဆယ်လ်မန်ကို ညစာစားပွဲနဲ့ တည့်ခင်းဧည့်ခံတဲ့ပွဲမှာ ရော်နယ်ဒိုလည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ညစာစားပွဲမှာ သမ္မတ ထရမ့်ပ်က မိန့်ခွန်းပြောကြားရာမှာ ရော်နယ်ဒိုကို အထူးတလည် ဂုဏ်ပြုပြောဆိုခဲ့ပြီး သူ့ရဲ့သားငယ် ဘယ်ရွန်က ရော်နယ်ဒိုရဲ့ ပရိတ်သတ်ဖြစ်တဲ့အကြောင်းနဲ့ ရော်နယ်ဒိုကို တွေ့ဆုံခွင့်ရလို့ သူ့ရဲ့သားက သူ့ကို နည်းနည်းပိုလေးစားသွားပြီဖြစ်ကြောင်း ရယ်မောပြောဆိုခဲ့ ပါတယ်။
ဒီညစာစားပွဲကို ဆော်ဒီအာရေဗျနဲ့ စီးပွားရေးအရ ဆက်စပ်နေတဲ့ အမေရိကန်ကုမ္ပဏီကြီးတွေက အမှုဆောင်အရာရှိချုပ်တွေ၊ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနို စသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
နာမည်ကျော်ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုဟာ အမေရိကန်နိုင်ငံကို အလည်အပတ် သွားရောက်နေတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်နဲ့ တရက်တည်းမှာပဲ အိမ်ဖြူတော်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ် အစောပိုင်းကတည်းက ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းမှာ ကစားနေတာဖြစ်ပြီး လုပ်ခလစာ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။
အခုနှစ် ဇွန်လမှာတော့ နောက်ထပ် ၂ နှစ်စာချုပ်အတွက် ဒေါ်လာ သန်း ၄၀၀ နဲ့ သက်တမ်းတိုးခဲ့သလို ဘောလုံးလောကရဲ့ ပထမဆုံး ဘီလီယံနာ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။
သူဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့ဆုံလိုတဲ့ ဆန္ဒရှိကြောင်း အရင်ကတည်းက ထုတ်ဖော်ပြောကြားခဲ့ဖူးသလို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ဥရောပသမဂ္ဂ ဥက္ကဋ္ဌ အန်တိုနီယိုကော်စတာက သမ္မတ ထရမ့်ပ်ကို ရော်နယ်ဒိုလက်မှတ်ရေးထိုးထားတဲ့ ပေါ်တူဂီ ဂျာစီအင်္ကျီတထည်ကို ပေးအပ်ခဲ့ပြီး အင်္ကျီပေါ်မှာ “သမ္မတ ဒေါ်နယ်ဂျေထရမ့်ပ်ထံသို့ ငြိမ်း ချမ်းရေးအတွက် ကစားနေပါသည်” လို့ ရေးထားခဲ့တာပါ။
ဒါ့အပြင် ရော်နယ်ဒိုဟာ ရုပ်သံအစီအစဉ်တင်ဆက်သူ ပီယာ့စ် မော်ဂန်နဲ့ အင်တာဗျူးတမှာ သူက “တနေ့နေ့မှာ သူနဲ့ စကားပြောနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဘာလို့လဲဆိုတော့ သူက ကျနော် တကယ်နှစ်သက်တဲ့ လူတွေထဲက တယောက်ဖြစ်လို့ပါ။ သူက အရာအားလုံးကို အကောင်အထည်ဖော်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။ ပြီးတော့ ကျနော် အဲဒီလိုလူတွေကို လေးစားပါတယ်” လို့ ပြောထားပါတယ်။
Source: Reuters


