
ဥပဒေနဲ့မညီညွတ်တဲ့ အမိန့်တွေကို ငြင်းဆန်ကြဖို့ အမေရိကန်စစ်သားတွေကို တိုက်တွန်းတဲ့ ဗီဒီယို ထုတ်ပြန်ခဲ့တဲ့ ဒီမိုကရက်လွှတ်တော်အမတ် ၆ ယောက်ကို “ပုန်ကန်ဖို့ လှုံ့ဆော်တဲ့ အပြုအမူ အတွက် သေဒဏ်ချသင့်တယ်” လို့ ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။
“ဒါ အင်မတန်ဆိုးရွားပါတယ်။ ကျုပ်တို့တိုင်းပြည်အတွက် အန္တရာယ်ကြီးပါတယ်။ သူတို့စကားတွေကို ခွင့်မပြုသင့်ပါဘူး။ သစ္စာဖောက်တွေရဲ့ ပုန်ကန်ဖို့ လှုံ့ဆော်တဲ့ အပြုအမူပါ။ သူတို့ကို ဖမ်းထည့်ထားပါ” လို့ ထရမ့်ပ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
နောက်တပို့စ်မှာတော့ “ပုန်ကန်ဖို့လှုံ့ဆော်တဲ့ အပြုအမူ၊ သေဒဏ်ပေးလို့ရတယ်” လို့ ထပ်ရေးခဲ့ပါတယ်။
“ကျုပ်တို့ရဲ့ ဥပဒေက ရှင်းပါတယ်။ တရားမဝင်တဲ့ အမိန့်တွေကို ငြင်းပယ်နိုင်ပါတယ်” လို့ ရေတပ်မှာ တာဝန်ထမ်းခဲ့ဖူးသလို အာကာယာဉ်မှူးလည်း ဖြစ်ခဲ့ဖူးတဲ့ လွှတ်တော်အမတ် ဆန်ကယ်လီက အဲဒီဗီဒီယိုထဲမှာ ပြောထားပါတယ်။
“ဥပဒေ ဒါမှမဟုတ် အခြေခံဥပဒေကို ချိုးဖောက်တဲ့ အမိန့်တွေကို ဘယ်သူမှ လိုက်နာဆောင်ရွက်စရာ မလိုပါဘူး” လို့ လွှတ်တော်အမတ် ၆ ယောက်က တိုက်တွန်းထားပါတယ်။
စစ်တပ်နဲ့ ထောက်လှမ်းရေးနယ်ပယ်မှာ တာဝန်ထမ်းဆောင်ခဲ့ကြဖူးတဲ့ သူတွေချည်းဖြစ်တဲ့ အဲဒီ လွှတ်တော်အမတ် ၆ ယောက်က ထရမ့်ပ်ရဲ့ မှတ်ချက်ဟာ အင်မတန်အန္တရာယ်ကြီးပြီး ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ခြိမ်းခြောက်ရာရောက်တယ်လို့ တုံ့ပြန်ပါတယ်။
အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ကာရိုလိုင်း လဲဗစ်ကတော့ ထရမ့်ပ်ဟာ အမတ်တွေကို သတ်ဖို့ ပြောတာမဟုတ်ဘဲ ဒီအမတ်တွေကသာ တပ်သားတွေ အမိန့်ဖီဆန်ဖို့ လှုံ့ဆော်နေတာလို့ ကာကွယ်ပြောဆိုပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင် ကလည်း ဒီမိုကရက်တွေရဲ့ ဗီဒီယိုဟာ အန္တရာယ်များတယ်လို့ ထရမ့်ပ်ဘက်က ရပ်တည် ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အောက်လွှတ်တော် ဒီမိုကရက် လူနည်းစုခေါင်းဆောင် ဟာကင်မ်ဂျက်ဖရီစ် ကတော့ ထရမ့်ပ်ရဲ့ စကားလုံးတွေဟာ လူသေစေနိုင်လောက်တဲ့အထိ အန္တရာယ်ရှိတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။
လက်ရှိမှာတော့ ခြိမ်းခြောက်ခံရတဲ့ အမတ်တွေရဲ့ လုံခြုံရေးအတွက် လွှတ်တော်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ လွှတ်တော်ခေါင်းဆောင်တွေက ပြောကြားထားပါတယ်။
Source: Reuters


